စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရုံးကို စစ်ကောင်စီတပ်က မေ ၂၅ ရက် ညနေ ၄ နာရီခွဲက လာရောက်ဖျက်ဆီးသွားတယ်လို့ ဘုတလင်မြို့ပေါ်နေ ပြည်သူတွေထံက သိရပါတယ်။
လာရောက်ဖျက်ဆီးတဲ့ စစ်တပ်ဟာ ဘုတလင်မြို့မရဲစခန်းကနေ လာရောက်ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မျက်မြင်တွေ့သူတဦးက “ပထမ သူတို့လာတာက ကား ၄ စီးနဲ့ ပါတီရုံးအနီး ရောက်လာတယ်။ ရောက်လာပြီး ရုံးရှေ့မှာ ထောင်ထားတဲ့ ပါတီဆိုင်းဘုတ်ကို ဖျက်ဆီးတယ်။ နောက်ပြီးတော့ အဆောက်အဦမှာ ရေးထားတဲ့ ပါတီအမည်ပါတဲ့ စာလုံးတွေကို တူတွေနဲ့ထုရိုက်တယ်။ အဲလို တူတွေနဲ့ထုနေတဲ့ စခတွေက ပါတီကိုလည်း ဆဲရေးတိုင်းထွာတယ်၊ အမေစုကိုလည်း ဆဲရေးတိုင်းထွာတယ်၊ PDF လည်း ဆဲရေးတိုင်းထွာတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ ဘုတလင်မြို့နယ် အန်အယ်လ်ဒီပါတီရုံးကို ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ရုံသာမက အရင်က ပါတီကို ထောက်ခံခဲ့တဲ့သူတချို့ကိုလည်း ဖမ်းဆီး ရိုက်နှက်စစ်ဆေးတာတွေ ပြုလုပ်တာကြောင့် ဒေသခံပြည်သူတချို့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။