နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့နယ်ခွဲ ပန်ဆောင်မြို့နယ်က တောင်ပေါ်မှာရှိနေတဲ့ အင်းကြီးရဲ့ ပတ်လည်မှာ လယ်လုပ်တဲ့ရွာတွေဟာ ၂၀၂၃ ခုနှစ်ထိ လက်မှုလယ်ယာစနစ်နဲ့ပဲ လုပ်ကိုင်နေကြဆဲဖြစ်ပါတယ်။
ဒေသခံ တောင်သူတဦးက “လက်နဲ့ထွန်တယ်ဆိုတာက လယ်ကို ပေါက်ပြားနဲ့ ပေါက်တာကို ပြောတာပါ။ ပထမတခါ ပေါက်ပြီးရင် နည်းနည်းနှပ်ထားပြီး ပေါက်ပြားနဲ့ ထပ်ပေါက်တာပါ။ အဲဒီနောက်မှာမှ ရှိတဲ့သူတွေက ကျွဲ နွားနဲ့ ထွန်ယက်ပြီး ကျွဲနွားမရှိသူတွေက ခြေထောက်နဲ့ မြေစာမွကြေအောင် လိုက်နင်းခြေရတာပါ” လို့ ပြောပါတယ်။
ပထမဆင့်ကနေ ပြီးတဲ့အထိ လူကပဲ ပေါက်ပြားနဲ့ပေါက်ပြီး လယ်လုပ်တာကို လက်နဲ့ထွန်တာလို့ ပြောကြပါတယ်။ တနယ်လုံးကလည်း အဲလိုပဲ လုပ်ကြရတာပါ။
ကန်သင်းရှင်း ရေသွယ်တာတွေကို ပြောတာမဟုတ်ဘဲ လယ်ယာထွန်ယက်မှုကို အစအဆုံး လူလုပ်အားနဲ့ ပေါက်ပြားတလက်နဲ့ လယ်ညက်အောင် လုပ်ကြဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
နောင်ယန်းအင်းအထိ နေထိုင်ရာရွာတွေကနေ သွားရတာပါ။ မနက် ၈ နာရီလောက်မှာ သွားပြီး ညနေ ၄ နာရီခွဲမှာ အလုပ်သိမ်းတယ်လို့ ဆိုပါတယ်။
တဧကအတွက် ပထမဆင့်ကို ၂ ပတ်လောက်ပေါက်ရပြီး ၁ ပတ်လောက် မြေသိပ်ထားပြီးမှ ပေါက်ပြားနဲ့ ထပ်ပေါက်တာပါ။ အဲဒီနောက်မှာမှ နွားနဲ့ ထယ်ထိုး ဒါမှမဟုတ် ခြေထောက်နဲ့ နင်းခြေ မြေဖွပြီး စပါးစိုက်ပျိုးကြတယ်လို့လည်း ပြောပါတယ်။
မေလကနေ ဇွန်လလောက်ထိ စပါးစိုက်ဖို့ မြေပြုပြင်ကြပြီး ဇူလိုင် ဒုတိယပတ်အထိ စပါးစိုက်ကြရပါတယ်။ လယ်သူရင်းငှား မရှိပေမဲ့ လက်စားနဲ့ အချင်းချင်းကူတဲ့စနစ်က ရှိနေပါတယ်။ လယ်စိုက် လူငှားစရိတ်တွေ မလိုဘဲ မိသားစုတွေ အတူကြိုးစားကြရပါတယ်။
၁ ဧကအထွက်နှုန်း တင်း ၁၀၀ ကျော်တော့ ထွက်တတ်ပြီး လယ် ၃ ဧကထိ ပိုင်တဲ့သူ မရှိဘူးလို့လည်း ပြောပါတယ်။
နောင်ယန်းအင်း ရေကြီးရင်တော့ စပါးမစိုက်နိုင်ဘဲ ရေကျတဲ့အချိန်စောင့်ရင်း စပါးစိုက်ချိန် လွန်သွားတာမျိုးဆိုရင် ၁ နှစ်စာ ဝမ်းစာမဖူလုံတော့ဘူး။ အဲဒါကြောင့် နောင်ယန်းအင်းနဲ့ ဒကင်းမ်ချောင်ရေကြီးလို့ စပါးစိုက်ပျိုးဖို့ နောက်ကျတိုင်း အစိုးရက ရေလွှဲမယ့်ဟာမျိုး လုပ်ပေးရင် ကောင်းမယ်လို့ တနယ်လုံးကလူတွေ ဆန္ဒရှိကြတယ်လို့ ဆိုပါတယ်။
မေလဆို ပန်ဆောင်က မိုးတွေစရွာပြီမို့ ရေရှားမှာ မပူရတော့ပေမဲ့ ရေကြီးရင် စပါးစိုက် နောက်ကျရမယ့် စိန်ခေါ်မှုက အမြဲရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြန်မာနိုင်ငံက သားချင်း ပန်ဆောင် နာဂတောင်သူတွေဟာ ခုချိန်ထိ လက်မှုလယ်ယာစနစ်မှာပဲ ရှိနေကြတာကို တွေ့ရမှာဖြစ်ပါတယ်။