ရခိုင်ပြည်နယ်မှာ မေ ၁၄ ရက်က မိုခါဆိုင်ကလုန်းမုန်တိုင်း ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့လို့ ကွမ်းစိုက်ခင်းတွေ ပျက်စီးကာ ကွမ်းရွက်စျေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရသေ့တောင်မြို့နယ် ဇီးကိုင်းကျေးရွာက ကွမ်းယာဆိုင်ပိုင်ရှင် မဖြူချေက “မိုခါဆိုင်ကလုန်းမုန်တိုင်း ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့လို့ ကွမ်းစိုက်ခင်းတွေအားလုံး ပြိုလဲ ပျက်စီးသွားတာကြောင့် ကွမ်းရွက်စျေးနှုန်းက ငါးဆလောက် မြင့်တက်သွားတယ်ဗျ။ မုန်တိုင်းမတိုက်ခင်က ကွမ်းရွက် တပိဿာကို ကျပ် ၁၀,၀၀၀ နဲ့သာ ဝယ်ယူရပေမဲ့ မုန်တိုင်းတိုက်ခတ်ပြီးတဲ့နောက်မှာ တပိဿာကို ကျပ် ၄၅,၀၀၀/၅၀,၀၀၀ အထိပေး ဝယ်ယူနေရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းကျေးရွာက ဒေါ်ဘုဝမ်းကလည်း “မိုခါမုန်တိုင်း တိုက်ခတ်ခဲ့လို့ ကျမတို့ စိုက်ပျိုးထားတဲ့ ကွမ်းစိုက်ခင်းတွေ ဘာတခုမှ မကျန်တော့ဘူး။ အားလုံးပျက်စီးသွားပြီ။ ကွမ်းစိုက်ခင်းတခင်းကို ငွေကျပ် ၁၀ သိန်းကနေ ၁၅ သိန်းကျပ်အထိ ရင်နှီးမြှုပ်နှံရပြီး ကွမ်းရွက်ဆွတ်ခူးရရှိနိုင်ဖို့ ၆ လလောက် လုပ်အားစိုက်ထုတ်ထားရတာ” လို့ ပြောပါတယ်။
မုန်တိုင်းဒဏ်သင့်လို့ နေအိမ်တွေ ပြိုပျက်သွားတဲ့အပြင် ကွမ်းစိုက်ခင်းတွေ ပျက်စီးကာ ဝင်ငွေတွေမရှိတော့လို့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတဲ့အပြင် နေအိမ်တွေကိုလည်း ပြန်လည်ပြုပြင်နိုင်ဖို့ ခက်ခဲသွားပြီလို့ ဆိုပါတယ်။
အရင်ကတော့ ကွမ်းရွက် တကြိမ်ခူးရင် ၅၀,၀၀၀ ကျပ်ဖိုးလောက် ရရှိကာ တလကို ၃ ကြိမ်၊ ၄ ကြိမ်လောက် ခူးရပြီး အခုတော့ မိုခါမုန်တိုင်း ဖျက်ဆီးခဲ့လို့ ဘာမှကို မကျန်တော့ဘူးလို့ ဆိုပါတယ်။
မိုခါမုန်းတိုင်း ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့လို့ ကွမ်းသီးပင်တွေ ကျိုးသွားသလို ကွမ်းယာစျေးနှုန်းတွေလည်း မြင့်တက်နေပြီး သီးနှံစိုက်ခင်းတွေပါ ပျက်စီးသွားလို့ ဟင်းသီးဟင်းရွက်တွေလည်း ရှားပါးကာ စျေးနှုန်းတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။