Home
မြန်မာသတင်း
အေတီအမ်စက်များတွင် ပိုက်ဆံအလွယ်တကူ ထုတ်မရသေး
DVB
·
May 25, 2023
349186354_1676091356238953_5434665288950553673_n

ကမ္ဘောဇဘဏ် ATM စက်တွေမှာ မေ ၂၃ ရက်ကစလို့ တရက်ကို ငွေကျပ် ၁၀ သိန်းအထိ ထုတ်ယူနိုင်ပြီလို့ ကြေညာထားပါတယ်။ 

ကမ္ဘောဇဘဏ်အနေနဲ့ အရင်က ATM စက်တွေမှာ တပတ်ကို ငွေကျပ် ၃ သိန်း ထုတ်ယူခွင့် ပြုထားခဲ့ရာကနေ မေ ၂၃ ရက်ကစလို့ တရက်ကို အများဆုံး ငွေကျပ် ၁၀ သိန်း၊ တပတ်ကို အများဆုံး ကျပ်သိန်း ၂၀ အထိ ထုတ်ယူခွင့် ပေးလိုက်တာပါ။

စစ်တပ်အာဏာသိမ်းပြီးကတည်းက ဘဏ်တွေနဲ့ အေတီအမ်စက်တွေမှာ ငွေကြေး အကန့်အသတ်နဲ့သာ ထုတ်ခွင့်ရှိခဲ့ပြီး လက်ရှိအချိန်ထိလည်း အေတီအမ်စက်တွေမှာ ငွေအလုံအလောက် မရှိတာ၊ လျှပ်စစ်မီးမမှန်တာနဲ့ အင်တာနက်လိုင်း မကောင်းတာတွေကြောင့် ပိုက်ဆံကို လွယ်လွယ်ကူကူ ထုတ်လို့မရဘူးလို့ အေတီအမ် အသုံးပြုသူတွေက ပြောပါတယ်။

ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာ နေထိုင်သူတယောက်က “အခုက အေတီအမ်တိုင်းမှာ သွားထုတ်လိုက်ရင် လိုင်းကျတာတွေ၊ ပိုက်ဆံမရှိတာတွေက ထုံးစံလိုဖြစ်နေပြီ။ ဘဏ်နားမှာ ကပ်ရက်ဖွင့်ထားတဲ့ အေတီအမ်တွေတောင် ပိုက်ဆံမရှိတာ တော်တော်ကြာနေပါပြီ။ စီဘီ အေတီအမ်မှာတော့ တခါထုတ်ရင် တရက် ၅ သိန်း ထုတ်လို့ရတယ်။ လူတွေ တော်တော်များများက အေတီအမ်ကို သုံးချင်တယ်။ အေတီအမ်က ဘဏ်ထက်ကိုလွယ်တယ်။ ဘဏ်ထိသွားစရာ မလိုဘူး။ ဘဏ်သွားရင် စောင့်ရတဲ့အချိန် ရှိတယ်။ သွားရတဲ့အချိန်ရှိတယ်။ အေတီအမ်မှာ လွယ်လင့်တကူ ထုတ်ချင်ကြတာ။ ဒါပေမဲ့ အခုနောက်ပိုင်း အေတီအမ်တွေက ငွေမဖြည့်ဘူး။ ငွေကုန်နေတာ၊ လိုင်းကျနေတာ ဒီလို ပြဿနာမျိုးစုံတက်နေတော့ လူတွေ နောက်ပိုင်း အေတီအမ်ကိုသုံးတာ နည်းသွားတယ်။ အချိန်တခုပေးပြီး ဘဏ်မှာ ပိုက်ဆံထုတ်ရတဲ့ အနေအထား ဖြစ်သွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘောဇဘဏ် အသုံးပြုသူတွေအနေနဲ့ ငွေသားထုတ်ယူရာမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာရှိတဲ့ သတ်မှတ်ထားတဲ့ KBZ ATM စက်တွေမှာသာ ထုတ်ယူခွင့်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

အေတီအမ်စက်တွေမှာ ပိုက်ဆံ အလွယ်တကူထုတ်လို့ မရတာကြောင့် ကတ်နဲ့ ပိုက်ဆံရှင်းလို့မရတဲ့ နေရာတွေမှာ သုံးဖို့ တကူးတက ငွေသားထုတ်ရတဲ့ အခြေအနေရှိတယ်လို့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် နေထိုင်သူတယောက်က ပြောပါတယ်။

“အခက်အခဲကကျတော့ အရင်လို အေတီအမ်စက်မြင်တိုင်း အလွယ်တကူ ငွေထုတ်လို့မရဘူး။ တခါတလေ ငွေစစ်ချင်ရင်တောင် လိုင်းကျနေတာမျိုး၊ မီးပြတ်နေတာမျိုးဆို ထုတ်မရတာမျိုး ဖြစ်တယ်။ အခုနောက်ပိုင်းက ပိတ်ရက်တွေဆို ဘဏ်ပိတ်ရက်တွေမှာထုတ်ရင် မီးမလာရင် အေတီအမ်စက်တွေမှာ ထုတ်မရတာမျိုး ဖြစ်တယ်။ ကတ်နဲ့ရှင်းလို့မရတဲ့ နေရာတွေ သွားမယ်ဆို တကူးတကနဲ့ သတိထားပြီးတော့ ပိုက်ဆံကို ထုတ်ထားရတာပေါ့။ cash ရအောင် လဲထားရတာပေါ့။ မဟုတ်ရင် ငါ ဒီနားနီးတဲ့နေရာမှာ ထုတ်လိုက်မယ်လို့ အရင်လို တွေးလို့မရဘူး။ ပိုခက်ခဲလာတာပေါ့။ ၁၀ သိန်းထိကတော့ ကျမသိသလောက် ရိုးမ ထုတ်လို့ရတယ်။ KBZ ထုတ်လို့ရတယ်။”

မြို့ကြီးမဟုတ်တဲ့ နယ်မြို့တွေမှာတော့ အေတီအမ်စက်တွေရှိပေမဲ့ ပိုက်ဆံမဖြည့်တာကြောင့် အေတီအမ်စက်တွေမှာ ငွေလုံးဝထုတ်လို့မရဘဲ ဘဏ်တွေမှာသာ အချိန်ကြာကြာ အကန့်အသတ်နဲ့ ထုတ်ယူနေရတယ်လို့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ခံတယောက်က ပြောပါတယ်။

“ကျနော်တို့ ပုသိမ်တမြို့လုံးမှာ အေတီအမ်စက်မှာ ပိုက်ဆံထုတ်လို့ရတဲ့နေရာ တခုတောင် မရှိဘူး။ ကေဘီဇက်ဘဏ်တွေရှိတယ်။ ၃၊ ၄ ခုရှိတယ်။ ဘယ်ဘဏ်ပဲဖြစ်ဖြစ် နောက်ဆုံး အနော်ရထာလမ်းမကြီးပေါ်က ကေဘီဇက်ဘဏ်ဆို အကြီးဆုံးပေါ့။ အဲ့ဘဏ်ရှေ့က အေတီအမ် စက်တွေကလည်း ထုတ်လို့မရဘူး။ ဘယ်အေတီအမ်စက်မှ ပိုက်ဆံထည့်မထားဘူး။ အဲ့သဘောပေါ့။ ထုတ်ချင်ရင် ဘဏ်မှာထုတ်။ ဘဏ်မှာ ပိုက်ဆံသွားထုတ်ရင်လည်း အကန့်အသတ်တွေနဲ့ပေါ့။”

စစ်တပ် အာဏာသိမ်းပြီးကတည်းက ဘဏ်တွေမှာ အပ်ထားတဲ့ငွေတွေ အလွယ်တကူ ထုတ်ခွင့်မရှိတာကြောင့် ဘဏ်စနစ်အပေါ် လူတွေ အယုံအကြည်နည်းပြီး ဘဏ်မှာ စုငွေအပ်ဖို့ထက် မိမိတို့အပ်ထားတဲ့ငွေတွေကို ငွေသားပြန်ထုတ်ဖို့ပဲ အများစု ကြိုးပမ်းကြတယ်လို့ စုငွေအပ်ထားသူတွေက ပြောပါတယ်။

ဘဏ်တွေနဲ့ အေတီအမ်စက်တွေမှာ ငွေအလွယ်တကူထုတ်လို့ မရတာကြောင့် ပြင်ပမှာ ငွေသားလဲလှယ်တဲ့ ဈေးကွက်လည်း ရှိနေပြီး ဘဏ်အချင်းချင်းကနေ ငွေလွှဲငွေချေတာ၊ ငွေသားထုတ်ယူတာ၊ မိုဘိုင်းဘဏ်ကတဆင့် အပြင်မှာ ငွေသားပြန်ယူတာမျိုးဆိုရင် အနည်းဆုံး ၃ ရာခိုင်နှုန်းကနေ အများဆုံး ၁၀ ရာခိုင်နှုန်းအထိ ကော်မရှင်ခပေး လဲလှယ်ရတာတွေ ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013