မန္တလေး၊ စဉ့်ကိုင်မြို့နယ်၊ တအုံကျေးရွာရှိ ဒုဋ္ဌဝတီမြစ်အတွင်းမှာ မေလ ၂၄ ရက် ညနေပိုင်းက ကျောင်းသားတယောက် ရေဆင်းကူးရင်း ရေနစ်ပျောက်ဆုံးသွားတာကို ကူညီကယ်ဆယ်ခဲ့တယ်လို့ မန္တလေးတိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
အဲ့ဒီညနေ ၃ နာရီခန့်က အသက် ၁၉ နှစ်အရွယ် လူငယ်တဦးနဲ့ သူငယ်ချင်းဖြစ်သူတို့ ရေချိုးဆိပ်မှာ ရေဆင်းကူးရင်း လူငယ်အမျိုးသားက မြစ်ထဲ ရေနစ်သွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ အမျိုးသားဟာ မြစ်ကြီးနား ကွန်ပျူတာတက္ကသိုလ် ပထမနှစ်ကျောင်းသားဖြစ်တယ်လို့ သိရပြီး ရွာခံတွေက ကယ်ဆယ်ရေးအသင်းကို ဖုန်းဆက် အကြောင်းကြားခဲ့တာပါ။
“ညနေ ၃ နာရီခွဲလောက်မှာ သတင်းဝင်တာပါ၊ ရေဆိပ်တခုမှာ ကျောင်းသားတဦး ရေဆင်းကူးရင်းနဲ့ ပျောက်ဆုံးသွားတယ်လို့ ဖုန်းဆက်တာ၊ ပထမနှစ် ကျောင်းသားပါ၊ အသက်က ၁၉နှစ်၊ ရေငုပ်ပြီး ၁ နာရီ ၉ မိနစ်လောက် အကြာမှာ တွေ့ပါတယ်၊ ဒီနှစ်အတွင်း ဒုဋ္ဌဝတီမြစ် ရေနစ်ကယ်ဆယ်မှု ၇ ကြိမ် ရှိပါပြီ” လို့ လူမှုကယ်ဆယ်ရေးအသင်း (မန္တလေးတိုင်း)က ဆိုပါတယ်။
ရေချိုးဆိပ်နဲ့ တအုံရွာ မြစ်တလျှောက်ကို ကယ်ဆယ်ရေးအဖွဲ့တွေက တနာရီကျော်ကြာ ရေငုပ်ရှာဖွေခဲ့ကြပြီး ညနေ ၅ နာရီ မိနစ် ၄၀ ခန့်မှာ မြစ်ကြမ်းပြင်အောက်ကနေ ရုပ်အလောင်း ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူကို စဉ့်ကိုင်မြို့နယ်ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပြီး ၂၀၂၃ ဇန်နဝါရီလကနေ မေလ ၂၄ ရက်အထိ ဒုဋ္ဌဝတီမြစ်အတွင်း ရေနစ်ကယ်ဆယ်မှု ၇ ကြိမ်နဲ့ သေဆုံးသူ ၁၂ ဦးခန့် ရှိပြီလို့ မန္တလေးတိုင်းကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။