ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ မြို့မ ၁ ရပ်ကွက်၊ ညောင်လေးပင်-မဒေါက်သွားလမ်းရှိ ဘုန်းကြီးကျောင်းဆောင်တခုပေါ်ကို မေ ၂၃ ရက် ညနေပိုင်းက သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့ပြီး ကျောင်းအတွင်းရှိ လူ ၁ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတခုက ပြောပါတယ်။
မေ ၂၃ ရက် ညနေ ၆ နာရီ ၁၅ မိနစ်လောက်က လေပြင်းတိုက်ခတ်မှုကြောင့် မြို့မဘုန်းကြီးကျောင်းဝန်းရှိ ကမ္မဋ္ဌာန်းကျောင်းဆောင်ပေါ်ကို ကုက္ကိုပင် လဲကျသွားခဲ့တာပါ။
မြို့ခံကယ်ဆယ်ရေးတာဝန်ခံတဦးက “ညနေ ၆ နာရီလောက်က လေတွေ တအားတိုက်တော့ မြို့မဘက်က ကျောင်းဆောင်ပေါ် အပင်လဲသွားတာ။ အပင်က အိုပြီး ဆွေးနေတော့ လေတိုက်ချိန် လဲသွားတာ၊ ကျောင်းပေါ်မှာ ဆရာလေးနဲ့ ကောင်လေး ၂ ယောက်၊ အမျိုးသမီး ၁ ယောက် ရှိတယ်။ သစ်ပင်ပိဒဏ်ရာနဲ့ အမျိုးသမီးက ပွဲချင်းပြီး သေသွားတာပေါ့။ ကျန်တာတွေက မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။
ကျောင်းအတွင်းရှိ သီလရှင် ၁ ပါးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ အမျိုးသား ၂ ဦးမှာ ခြေထောက်နဲ့ လက်မောင်း ထိခိုက်ဒဏ်ရာ ရရှိသွားပြီး အမျိုးသမီး ၁ ဦးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သစ်ပင်လဲကျတဲ့နေရာကို ညောင်လေးပင်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဘက် ကယ်ဆယ်ရေးအသင်းတွေ ဝိုင်းဝန်းဖယ်ရှားခဲ့ကြပြီး သေဆုံးသူရုပ်အလောင်းကို ညောင်လေးပင်ဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မေ ၂၄ ရက် မနက် ၇ နာရီ ၃၅ လောက်ကလည်း မြို့မ ၁ ရပ်ကွက်၊ ကန်တော်ဦး ၆ လမ်းမှာ လေပြင်းတိုက်ခတ်မှုတွေကြောင့် နေအိမ် ၂ လုံး ပြိုကျသွားပြီး အိမ် ၃ လုံး အမိုးလန်ပျက်စီးသွားကာ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။