မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကင်းပန်းရွာမှာ မေ ၂၃ ရက် ညနေ ၃ နာရီကျော်က လေကြမ်း ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် ပြည်သူတဦး သေဆုံးခဲ့ပြီး လူနေအိမ် အများအပြား ပျက်စီးခဲ့တယ်လို့ ဒေသခံရွာသားတွေဆီကနေ သိရပါတယ်။
အဆိုပါလေကြမ်းဟာ လေဆင်နှာမောင်းလို တိုက်ခတ်ခဲ့တာကြောင့် အခုလို နေအိမ်အများအပြား ပျက်စီးရတာဖြစ်တယ်လို့လည်း သိရပါတယ်။
ကင်းပန်းရွာသားတဦးက “ပထမက ရှေ့ပြေးမိုးလေးရွာပြီး တိုက်လိုက်တာပါဗျ။ သစ်ပင်တွေ ကျိုးကျတာတွေလည်းရှိတယ်။ အိမ်တွေလည်း အများအပြား ပျက်စီးတယ်။ လတ်တလော ဖြစ်ဖြစ်ချင်း သတင်းပို့ရတာဆိုတော့ အိမ်အပျက်အစီးကတော့ အတိအကျ မသိရသေးဘူး။ လေတိုက်လို့ ရွာအပြင်မှာ တောင်ယာလုပ်ငန်းသွားလုပ်တဲ့ အသက် ၆၀ နီးပါးခန့်ရှိတဲ့ သူတဦးလည်း သေဆုံးတာရှိတယ်ဗျ။ အမည်က ကိုမောင်ကြည်ပါ။ ရွာထဲကအိမ်တွေကတော့ ပြိုကျတာတွေ၊ သစ်ပင်အကြီးတွေ ပိတာတွေတော့ရှိတယ်။ ရွာသားအသေအပျောက်ကတော့ လတ်တလော ရှာဖွေကယ်ဆယ်ရေး လုပ်နေဆဲပါပဲ” လို့ ပြောပါတယ်။
ကင်းပန်းရွာဟာ အိမ်ခြေ ၂၀၀ ရှိတဲ့ ကျေးရွာတရွာဖြစ်ကာ ပြီးခဲ့တဲ့ မေ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းဒဏ်ကြောင့် ကျေးရွာအတွင်း ချောင်းရေတွေစီးဝင်ပြီး မျိုးသီးနှံမျိုးစုံ ချောင်းရေနဲ့အတူ မျောပါသွားခဲ့ပါတယ်။
လူတဦးလည်း ချောင်းရေနဲ့အတူ မျောပါသေဆုံးရတာတွေလည်း ရှိခဲ့တာကြောင့် အခုတကြိမ်ပါ လေဆင်နှာမောင်း တိုက်ခံရပြီး ဒေသခံတွေရဲ့ စားဝတ်နေရေးနဲ့ အမိုးအကာ၊ ဆေးဝါးတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကင်းပန်းရွာကို တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းဟာ ကင်းပန်းရွာ မြောက်ဘက် ဂန့်ဂေါမြို့နယ်ဘက်ကို တိုက်ခတ်သွားတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။