မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ပထမလမ်းမတော်မှာ မေ ၂၂ ရက် ည ၁၁ နာရီခွဲလောက်က ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတဦးကို ဘေးချင်းကပ်လိုက်လာတဲ့ ဆိုင်ကယ်ပေါ်ကနေ ချွန်ထက်တဲ့အရာနဲ့ ထိုးမှုကြောင့် ဆိုင်ကယ်လဲပြီး အခင်းဖြစ်နေရာမှာပဲ ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
“ဆိုင်ကယ်က နှစ်ယောက်စီးလာတာ၊ ပတ်ဝန်းကျင်က ဆိုင်ကယ်မှောက်တယ်ပဲ ထင်နေတာ။ ပြီးတော့မှ အသတ်ခံရတာကို သိရတာ။ သေဆုံးသူက အသက် ၃၀ ဝန်းကျင်ရှိတယ်။ ဘယ်ဘက်ရင်အုံအပေါ်နဲ့ ဘယ်ဘက်ရင်အုံတချက်၊ နောက်ကျောနားတချက် အထိုးခံရပြီး သေဆုံးသွားတာဖြစ်တယ်” လို့ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
သေဆုံးသူနဲ့ ပွန်းပဲ့ဒဏ်ရာရသူတဦးတို့ကို မိတ္ထီလာ ပြည်သူ့ဆေးရုံကြီးကို ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းက ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့အပြားများမှာ ခိုးဆိုးလုနှိုက်မှု၊ ဓားပြတိုက်မှု၊ အနုကြမ်းစီးမှုတွေကို ထိရောက်တဲ့ အရေးယူမှုတွေ မရှိတာကြောင့် လုံခြုံမှုမရှိတဲ့ အခြေအနေကို ပြည်သူလူထုတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။