မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်မှာရှိတဲ့ ဆင်ဖြူတော်ရွှေဆိုင်ကို ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ယောက်က ဝင်ရောက်လုယက်ခဲ့ရာမှာ ဆိုင်ဝန်ထမ်းအမျိုးသမီးတွေက ပြန်လည် ခုခံတိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မေလ ၂၂ ရက် မနေ့ နေ့လယ် ၂ နာရီလောက်က ဆင်ဖြူတော်ရွှေဆိုင်မှာ အမျိုးသမီးဝန်ထမ်းတွေပဲရှိနေချိန် ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ အမည်မသိ အမျိုးသားနှစ်ယောက် ဝင်ရောက်လာကာ ရွေဆိုင်ကိုဝင်ရောက် အဓမ္မလုယက်ခဲ့တာ ဖြစ်ပါတယ်။
မော်လမြိုင်မြို့ခံတဦးက "ရွှေဆိုင်က ကောင်မလေးသုံးယောက်က ပြန်ခုခံတာ ကောင်မလေးတွေလည်း ဒဏ်ရာအနည်းငယ်ရတယ်။ လုတဲ့သူတွေလည်း ထွက်ပြေးသွားတယ်။ အင်အားခြင်းမမျှတော့ ရွှေထည်တချို့ပါသွားတယ်"လို့ ပြောပါတယ်။
လုယက်ခံရမှုကြောင့် ရွှေလက်ကောက် ၄၇ ကွင်းလောက် ပါသွားပြီး ခန့်မှန်း ကျပ် သိန်း ၁၀၀၀ လောက်ရှိတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
"ရွှေထည်ဆိုတော့ ခန့်မှန်းရခက်တယ် လက်ကောက် ၄၇ ကွင်းဆိုတော့ ခန့်မှန်းခြေ သိန်းတစ်ထောင်ဝန်းကျင်လို့ပြောတာ နည်းရင်လည်းနည်းမယ် များရင်လည်းများမယ်"လို့ ရှင်းပြ ပါတယ်။
လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ မော်လမြိုင်မြို့အဝင်ဂိတ်နဲ့ လုယက်သူနှစ်ဦး ထွက်ပြေးခဲ့တဲ့လမ်းကြောင်းကို လိုက်လံရှာဖွေဖမ်းဆီးခဲ့ပေမဲ့ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
ဖျာပုံမြို့မှာလည်း မနေ့ညနေက ဂဠုန်မင်းရွှေဆိုင်ကို အမျိုးသားလေးယောက်က ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး ရွှေတွေထည့်ထားတဲ့ပုံးကို ယူပြီးထွက်ပြေးရာ နှစ်ဦးကို ရပ်ကွက်က ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ကျန်နှစ်ဦးမှာ ရွှေတွေထည့်ထားတဲ့ပုံးနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။