ကရင်နီ (ကယား)ပြည်နယ်မှာရှိတဲ့ ကြားကာလ ကိုယ်ထူကိုယ်ထ စစ်ဘေးရှောင် အလယ်တန်း စာသင်ကျောင်းတခုမှာ စာသင်ဆောင်အသစ်ကို တော်လှန်ရေးတပ်ပေါင်းစုက ငွေအားကော လုပ်အားကော ဆောက်လုပ် ကူညီပေးခဲ့ပါတယ်။
ရှမ်းတောင်ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) တာဝန်ရှိသူတယောက်က “လာမယ့် ပုံမှန်စာသင်နှစ်မှာ ကျောင်းသားဦးရေ ထပ်များလာမှာလို့ ဆရာမတွေကလည်း ပြောတယ်။ စာသင်ဖို့ကလည်း အခက်အခဲဖြစ်နေတာ တွေ့ရလို့ စာသင်ဆောင် နောက်တဆောင် ဆောက်ဖြစ်သွားတာပါ”လို့ ပြောပါတယ်။
စာသင်ကျောင်းခန်းက နည်းနေပြီး ကျောင်းသားအရေအတွက်က ၂၅၀ နီးပါးထိ ရှိနေတဲ့အပြင် ပုံမှန်စာသင်ချိန်မှာ ကျောင်းသားဦးရေ ပိုများလာမှာ ဖြစ်တဲ့အတွက် စာသင်ဆောင် လိုအပ်မှုတွေ ရှိနေခဲ့ပြီး အိမ်သာလည်း လိုအပ်နေတာလို့ သိရပါတယ်။
အဆိုပါ စာသင်ကျောင်းဟာ ကရင်နီမှာရှိတဲ့ စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေး နှောင့်နှေးမှာစိုးလို့ ကြားကာလ စာသင်ပေးနေတာဖြစ်ပြီး ၆ လပိုင်းမှာ ကျောင်းသားတွေ ပိုများလာမှာလို့လည်း သိရပါတယ်။
စာသင်ကြားတဲ့အခါမှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးအသံကို နားထောင်ပြီး ကျောင်းပိတ်ရတာတွေ၊ နေ့တပိုင်းပဲ စာသင်ရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။