Home
မြန်မာသတင်း
မိုခါမုန်တိုင်းဘေးကြုံနေရသည့်  ရခိုင်ပြည်နယ်တွင် မြေမြှုပ်မိုင်းအန္တရာယ် စိုးရိမ်စရာ ဖြစ်နေ
DVB
·
May 23, 2023
347444795_264632636038476_9102721733680432354_n

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ခိုကိုးရာမဲ့ ဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေအတွက် ဒီရေကြောင့် နေရာရွေ့လျားသွားတဲ့မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ် စိုးရိမ်စရာဖြစ်နေတယ်လို့  ကုလသမဂ္ဂအရာရှိရဲ့ ပြောဆိုချက်ကို ကိုးကားပြီး PIME Asia News သတင်းမှာဖော်ပြပါတယ်။

မေလ ၁၄ ရက်က ရခိုင်ကမ်းရိုးတန်းကို ဦးတည်တိုတ်ခတ်သွားခဲ့တဲ့ အင်အား အလွန်ပြင်းတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့်သေဆုံးခဲ့ရသူ မြန်မာနိုင်ငံမှာ စုစုပေါင်းအတည်ပြုပြီး အနည်းဆုံး ၂၀၀ လောက်ရှိပြီဖြစ်ပါတယ်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်တွေလည်းသေဆုံးသွားခဲ့ကြပြီး  သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို စောင့်ရှောက်ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း မိုခါမုန်တိုင်းဒဏ်ကို ခံစားခဲ့ကြရပါတယ်။

မုန်တိုင်းဒဏ်ကြောင့် လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ စေတီဘုရားနဲ့ ဘုန်းတော်ကြီး ကျောင်းတွေနဲ့ ဌာနဆိုင်ရာ အဆောက်အဦတွေပအပါအဝင် ယာယီခိုလှုံရေးစခန်းတွေ ပျက်စီးကုန်ကြပြီး လမ်းတံတားတွေလည်း ကျိုးပျက်ကုန်တာကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ အခြေအနေကို ပိုဆိုးစေပါတယ်။

အခုလက်ရှိအချိန်မှာ အရေးအကြီးဆုံး ကိစ္စနှစ်ခုက ရေကတဆင့်ကူးစက်တဲ့ ရောဂါများကာကွယ်ထိန်းချုပ်ရေးနဲ့ ရေကြီးမှုကြောင့် နေရာရွေ့လျားကုန်တဲ့ မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ်ကနေ လွတ်ကင်းရေးဖြစ်တယ်လို့ ကုလဆက်ဆံရေးအရာရှိက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက စစ်တွေမြို့ဟာ မိုခါမုန်တိုင်းရဲ့ ဒဏ်ကို အပြင်းထန်ဆုံးခံစားခဲ့ရပြီး အခြေအနေတွေက တော်တော်ဆိုးပါတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ဆက်ဆံရေးအရာရှိ ဖာဘီရန်ဖေးဗ်က ပြောပါတယ်။

“ရခိုင်ပြည်နယ်တစ်ခုလုံးက အိမ်တွေ၊ ဒုက္ခသည်စခန်းတွေ၊ ပြည်သူပိုင်အဆောက်အဦတွေဟာ ဆိုးဆိုးရွားရွားပျက်ဆီးသွားခဲ့တယ်။ ကြားနေရတဲ့ သေဆုံး၊ ပျောက်ဆုံးတဲ့သတင်းတွေအတွက်လည်း အလွန်ကိုမှ စိတ်မကောင်းဖြစ်ရပါတယ်။ ပျောက်ဆုံးနေတဲ့သူတွေထဲမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေထဲကလည်း ပါဝင်တယ်။”

အခုချိန် ဒီမှာတွေ့သမျှလူတိုင်းဟာ အစားအစာ၊ နေစရာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်သုံးရေ လိုအပ်နေကြတဲ့ သူတွေချည်းပဲ။ ရေကနေတဆင့် ကူးစက်တဲ့ ရောဂါတွေနဲ့ ရေကြီးပြီး မျောပါ နေရာရွေ့ကုန်ကြတဲ့ မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ်တွေကတော့ လောလောဆယ် ဒီမှာအကြီးမားဆုံး ပြဿနာတွေပဲလို့ ဆိုပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီက မုန်တိုင်းအပြီးမှာ ကူညီဖို့ ယာယီစခန်းနဲ့ စောင်၊ မွေ့ယာ၊ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ခြင်ထောင်တွေလို အဓိကအကျဆုံး ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို ကြိုတင်စုဆောင်းထားရှိတာတောင်မှ ခိုကိုးရာမဲ့ ဒုက္ခသည်တွေရဲ့ ယာယီစခန်းတွေ ဟာ ဆိုးဆိုးရွားရွားပျက်ဆီးကုန်ကြတာမို့ အမြန်ဆုံး ပြန်လည်ပြုပြင်တည်ဆောက်ရေးတွေ ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ဆိုပါတယ်။ မုန်တိုင်းဒဏ်ကြောင့် အခြေခံအဆောင်အဦတွေ၊ ဒေသခံ သာရေးနာရေးစင်တာတွေပါမကျန် ပျက်စီးကုန်ကြတယ်လို့ ပြောပါတယ်၊

တံတားတွေလည်း ပျက်စီးကုန်ကြတာကြောင့် မုန်တိုင်းဒဏ်ခံရတဲ့ တချို့နေရာတွေကို သွားရောက်ကူညီဖို့အတွက်လည်း အခက်အခဲတွေရှိနေသေးတယ်လို့ ဆိုပါတယ်။

မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေက ပြည်သူတွေဟာ အဆမတန်ထိုးတက်သွားတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေရဲ့ ကုန်ဈေးနှုန်းတွေကြောင့် မိမိတို့ရဲ့ နေအိမ်အဆောက်အဦတွေကို ပြန်လည်ပြုပြင်ရေးအတွက်လည်း ခက်ခဲနေပါတယ်။

မုန်တိုင်းမဝင်မီကပင် ခိုကိုးရာမဲ့ ဒုက္ခသည်တွေအတွက် အခြေအနေတွေက ဆိုးရွားနေတာဖြစ်ပါတယ်။ အခုတော့ မုန်တိုင်းဒဏ်ကြောင့် ၂၀၁၂ ခုနှစ်တည်းက ခိုကိုးရာမဲ့ ဖြစ်နေခဲ့တဲ့ ရိုဟင်ဂျာ ၁၅၅၀၀၀ ကျော်အပါအဝင် စုစုပေါင်း ဒုက္ခသည် ၂ သိန်းခန့်ဟာ အကူအညီတွေ လိုအပ်နေပါတယ်။ 

ရိုဟင်ဂျာ တစ်သိန်းခွဲကျော်ဟာ အလွန်ကိုမှ ဆင်းရဲခက်ခဲနေပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေအပေါ် မှီခိုပြီး အသက်ရှင်သန်နေကြရတာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့တွေဟာ မုန်တိုင်းရိုက်ခတ်မှုကို တိုက်ရိုက်ခံစားရတဲ့ ကမ်းရိုးတန်းက မလုံခြုံတဲ့နေရာတွေမှာ မှီခိုနေထိုင်နေကြရတာလည်းဖြစ်ပါတယ်။

နဂိုကမှ နိုင်ငံသားဖြစ်ခွင့်၊ အခြေခံ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာအကျိုးခံစားခွင့်တွေ မရရှိကြဘဲ ဖယ်ကြဉ်ထားရသူတွေဖြစ်တာကြောင့် မုန်တိုင်းအပြီးသူတို့ရဲ့ အခြေအနေဟာ ပိုမိုပြီးခက်ခဲလို့ နေပါတယ်။ 

ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို မြန်မာနိုင်ငံအစိုးရက နိုင်ငံသားအဖြစ်အသိအမှတ်မပြုတာကြောင့် သူတို့ဟာ နိုင်ငံမဲ့တွေအဖြစ်ပဲ ရှိနေကြပြီး ၂၀၁၇ ခုနှစ်က စတင်ကာ မြန်မာစစ်တပ်ရဲ့ ရက်ရက်စက်စက် အကြမ်းဖက် ဖိနှိပ်ရှင်းလင်းမှုကို ခံခဲ့ကြရပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ဒေသခံ လက်နက်ကိုင် ရက္ခိုင့်တပ်တော် (အေအေ)နဲ့ မြန်မာစစ်တပ်ဟာလည်း မကြာခဏတိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလကနေ စတင်ကာ အပစ်အခတ်ရပ်စဲထားကြပေမဲ့ အခြေအနေကတော့ တင်းမာဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အေအေနဲ့ မြန်မာစစ်တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံရခိုင်တိုင်းရင်းသား ၇၅၀၀၀ လောက်ဟာ စစ်ဘေးရှောင်နေခဲ့ရတယ်လို့ ကုလဆက်ဆံရေးအရာရှိက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဘုန်းတော်ကြီးကျောင်းတွေမှာ မှီခိုနေရတဲ့ စစ်ဘေးရှောင်တွေဟာလည်း မုန်တိုင်းကြောင့် ဘုန်းကြီးကျောင်းတွေပါ ပျက်စီးသွားခဲ့တဲ့နောက်မှာ အခြေအနေတွေက ခက်ခဲလာခဲ့ပါတယ်။ 

အေအေနဲ့ မြန်မာစစ်တပ်တို့ကြား တင်းမာမှုတွေအပြင် ရေကြီးရေလျှံမှုကြောင့် မျောပါနေရာရွေ့ကုန်တဲ့ မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ်တွေကြောင့် သူတို့ရဲ့ မူလနေရာကိုပြန်ဖို့အတွက်ဟာလည်း ခက်ခဲနေတယ်လို့ သိရပါတယ်။ 

မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးရတာဟာ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်တစ်ခုတည်းတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်းဒေသတွေမှာလည်း မုန်တိုင်းဒဏ်ကို ပြင်ပြင်းထန်ထန်ခံခဲ့ကြရပါတယ်။

အိုးအိမ်တွေ လေနဲ့လွင့်ကာပျက်စီးတာတွေ၊ စိုက်ခင်းတွေထဲ ရေဝင်ပျက်စီးတာတွေ ကြုံခဲ့ကြရပါတယ်။

မြန်မာနိုင်ငံမြောက်ဖျားက ကချင်ပြည်နယ်မှာ ဆိုရင်လည်း မိုးကြီးလေကြီးကြပြီး ဒုက္ခသည်စခန်းတွေမှာ ပျက်စီးဆုံးရှုံမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်ကမိတ်ဖက်အဖွဲ့အစည်းတွေဆီကနေ ရရှိတဲ့သတင်းတွေအရ ကချင်ပြည်နယ်မှာလည်း ယာယီနေထိုင်စရာစခန်းတွေ၊ အခြေခံထောက်ပံ့ရေးပစ္စည်းတွေ၊ ရေနဲ့ သန့်ရှင်းရေးပစ္စည်းတွေ၊ အစားအစာနဲ့ အိမ်အသုံးအဆောင်တွေ၊ ကျန်းမာရေးဆိုင်ရာအကူအညီတွေအပြင် ပျက်စီးသွားတဲ့ အဆောက်အဦတွေကို ပြန်လည်ပြုပြင်ရေးတို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ကုလ ဆက်ဆံရေးအရာရှိက ပြောပါတယ်။

Ref- PIME Asia News 

Photos Credit- Wai Wai Nu 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024