Home
မြန်မာသတင်း
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း သေဆုံးသူ  ၁၆၇ ဦးရှိလာဟု စစ်ကောင်စီ ထုတ်ပြန်
DVB
·
May 21, 2023
347619249_920751312545143_6601218185851830197_n

မေ ၁၄ ရက်က တိုက်ခိုက်ခဲ့တဲ့ အင်အားအလွန်ပြင်းတဲ့  ဆိုင်ကလုန်မုန်တိုင်း "မိုခါ" ကြောင့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၄ ခုမှာ လူ ၁၆၇ ယောက် သေဆုံးခဲ့တယ်လို့ မေ ၁၉ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ရိုဟင်ဂျာဒုက္ခသည် ၁၁၉ ယောက်သေဆုံးခဲ့ပြီး ရသေ့တောင်မြို့နယ်မှာ ရိုဟင်ဂျာဒုက္ခသည် အယောက် ၂၀ နဲ့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံနဲ့ တောင်ကုတ်မြို့နယ်တို့က ဒေသခံ ရခိုင်တိုင်းရင်းသား ၂၃ ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ မေလ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသူအများစုဟာ ရိုဟင်ဂျာဒုက္ခသည်တွေဖြစ်ကြပြီး သူတို့မှာ အရင်ကတည်းက လွတ်လပ်စွာသွားလာခွင့် မရှိကြသလို မုန်တိုင်းလည်း အခုလောက်ပြင်းထန်မယ် မထင်ခဲ့ဘူးလို့ ဒါးပိုင်ကျေးရွာက မာမတ်ဇော်ဟက်က ပြောပါတယ်။

"မုန်တိုင်းကြောင့် ကျနော်တို့ ရွာမှာ လူ ၂၀ လောက်သေသွားတယ်။ အဓိကတော့ ကျနော်တို့တွေက မုန်တိုင်းမတိုင်ခင်လည်း လွတ်လပ်စွာလည်း သွားလာခွင့်မရှိကြဘူး။ နောက်မုန်တိုင်းလည်း အခုလောက် ပြင်းထန်လောက်မယ်လို့ မထင်တာကြောင့် ဘေးလွတ်တွေကို မသွားကြတော့ လေပြင်း ရေကြီးပြီး လူတွေ အခုလို သေဆုံးမှုဖြစ်ကြတာပါ။ အခုအချိန်အထိတော့ ဘာအကူအညီမှ ရောက်တာမရှိသေးဘူး။”

ရခိုင်တိုင်းရင်းသားတွေဟာလည်း ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာမှာ မုန်တိုင်းတိုက်ခတ်နေစဉ် မုန်တိုင်းခိုနေကြတဲ့ ဓမ္မာရုံပြိုကျလာတာကြောင့် ကျေးရွာသား ၁၂ ဦးဟာ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြသလို စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့ မြေပုံမြို့နယ်တွေမှာလည်း သစ်ပင်နဲ့ တာဝါတိုင်တွေ ပြိုကျကာ ပိပြီးတော့ သေဆုံးခဲ့ကြတာဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာအတွင်းက ဓမ္မာရုံပြိုကျပြီး အစုလိုက်အပြုံလိုက် သေဆုံးမှုမှာ ဓမ္မာရုံဆောက်လုပ်ထားမှုမှာ အားနည်းချက်တွေ တွေ့ခဲ့ရတယ်လို့ မြေပြင်ကို ကွင်းဆင်းကြည့်ရှု ခဲ့တယ်လို့ လူထုဘေးဒဏ်ခံနိုင်စွမ်း တိုးမြင့်ဆောင်ရွက်ရေးအဖွဲ့ (ACRO) က အမှုဆောင်ဒါရိုက်တာ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

"ဒုံးပိုက်ကျေးရွာမှာ အစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်ကြတာ။ မုန်တိုင်း မတိုင်ခင်ကတည်းက သတိပေး ဟောပြောခဲ့ကြတာတွေ ရှိတယ်။ ဒါပေမဲ့ ရွာသားတွေက နည်းနည်း ပေါ့ဆကြတယ်လို့ ပြောရမယ်။ မုန်တိုင်းတိုက်ခတ်ချိန်မှ ဘုန်းကြီးကျောင်း ဓမ္မာရုံထဲကို အပြေးခိုလှုံကြပေမဲ့ လေပြင်းဒဏ်ကို မခံနိုင်ဘဲ အဆောက်အအုံ ပြိုပြီး အစုအပြုံလိုက် သေကြရတာ ဖြစ်တယ်။ နောက်သူဆုံးသူတွေကတော့ သစ်ပင်တွေ တာဝါတိုင်တွေ ပြိုလဲပြီး ပိပြီး သေကြရတာဖြစ်တယ်"

ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" ကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ လေဘေး၊ ရေဘေးသင့်ပြည်သူ ၁၁ သိန်း ၅ သောင်းကျော်ရှိပြီး နေအိမ်၊ ဆေးရုံ၊ ကျောင်းနဲ့ ရုံးခန်းအပါဝင် အဆောက်အဦပေါင်း ၂ သိန်း ၄ သောင်းကျော်ရှိခဲ့ကာ ဆုံးရှုံးမှုတန်းဖိုး ကျပ်သိန်း ၄၆၉၈၆ ခန့် စာရင်းကောက်ယူရရှိထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဆုန်ကလုန်းမုန်တိုင်း "မိုခါ" ကြောင့် စစ်တွေ၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်း မြို့နယ် တွေမှာ ၉၅ ရာခိုင်းနှုန်းလောက် ပျက်စီးသွားပြီး ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာလည်း ပျက်စီးဆုံးရှုံးမှုတွေ များစွာရှိခဲ့ကြပါတယ်။

ဓာတ်ပုံ- ရသေ့တောင်မြို့နယ် ဒုံပိုက်ကျေးရွာက ကျေးဆုံးသွားသူများ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024