မြန်မာ - တရုတ် နယ်စပ်က အကြီးဆုံး ကျောက်စိမ်းဈေးကွက်တွေရှိရာ ရွှေလီနဲ့ ကျယ်ဂေါင်က ကျောက်ဝိုင်းတွေ ကိုဗစ်မတိုင်ခင် အချိန်ကလို လူပြန်စည်လာဖို့ ကျောက်ဝိုင်းလုပ်ငန်းရှင်တွေက ဆိုင်ခန်းတွေ အခမဲ့ ရောင်းခွင့်ပေးနေတယ်လို့ ကျောက်စိမ်းလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
"ကျောက်ဝိုင်းတွေက အခန်းတွေကို တနှစ်အခမဲ့ ပေးနေပေမယ့် သွားနေသူ မရှိသလောက်ဖြစ်နေပါတယ်" လို့ ရွှေလီက ကျောက်စိမ်းကုန်သည်တဦးက ပြောပါတယ်။
ထိုင်ဝမ် နဲ့ ဟောင်ကောင်ဘက်က တရုတ်တွေ လာရောက်ဝယ်ယူကြပြီး အဓိက လာရောက် ဝယ်ယူသူတွေက တရုတ်ပြည်မကြီးဘက်က တရုတ်တွေဖြစ်ကာ တခြားနိုင်ငံက နိုင်ငံခြားသားတွေလည်း အနည်းအကျဉ်း လာဝယ်တာရှိတယ်လို့ သူက ပြောပါတယ်။
"အခုက ကျောက်ဝိုင်းတွေက လူပြန်စည်အောင်လို့ ဆိုင်ခန်းတွေ အလကား ရောင်းခိုင်းထားတယ်။ အလားပေးထားတာပေါ့။ တချို့က ၁ နှစ်၊ တချို့က ၂ နှစ်။ ကျယ်ဂေါင်မှာက အဲလို ကျောက်ဝိုင်း ၃ ခု ရှိတယ်" လို့ ဂျယ်ဂေါင်က ကျောက်ဝိုင်းပိုင်ရှင်တဦးက ပြောပါတယ်။
ကျယ်ဂေါင်မှာလည်း ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလကုန်ခန့်ကတည်းက ကျောက်ဝိုင်းတွေ ပြန်လည်ဖွင့်လှစ်ခဲ့ကြာတာဖြစ်ပြီး တဖြည်းဖြည်းနဲ့ ဝယ်လက်တွေတော့ များပြီလို့ သူက ပြောပါတယ်။
ကျောက်စျေးကွက်က အကောင်းဘက် ဦးတည်နေတဲ့ သဘောတော့တွေ့ရပြီး လုံးဝရပ်နေတဲ့ အခြေအနေကနေ ရောင်းနေဝယ်နေကြရတော့ ကျောက်သမားတွေ စိတ်ချမ်းသာရတဲ့အပြင် လက်ရှိကာလထဲမှာ နေရထိုင်ရတာလည်း အဆင်ပြေတယ်လို့ ဆိုပါတယ်။
မြန်မာ နဲ့ တရုတ် နယ်စပ်ရဲ့ အကြီးဆုံး ကျောက်စိမ်းဈေးကွက်ရှိရာ မြို့တွေဖြစ်တဲ့ တရုတ်ဘက်ခြမ်း ရွှေလီမြို့နဲ့ ကျယ်ဂေါင်မြို့တွေမှာ ကိုဗစ်ကပ်ရောဂါကြောင့် နှစ်ချီ ကျောက်စိမ်း ရောင်းဝယ်ဆိုင်တွေ ပိတ်ထားခဲ့ရာမှာ ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာ လကုန်ခန့်ကတည်းက ကျောက်ဝိုင်းတွေ ပြန်လည်ဖွင့်လှစ်ခွင့်ရခဲ့တာဖြစ်ကြောင်း ကျောက်ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။