ရခိုင်ပြည်နယ်ကို အင်အားအလွန်ပြင်းတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်း မေလ ၁၄ ရက်က ဝင်ရောက် တိုက်ခတ်သွားပြီးနောက် ဒီကနေ့ ၅ ရက်မြောက်တဲ့နေ့မှာ မုန်တိုင်းဘေးသင့် ရခိုင်ပြည်သူတွေဟာ အကူအညီအဖြစ် မပြောပလောက်တဲ့ ဆန်နည်းနည်းပါးပါးပဲရရှိသေးတယ်လို့ စစ်တွေမြို့မှာ ရှိနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ဒီဗွီဘီကိုပြောပါတယ်။
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ အသေအပျောက် အရေအတွက်လည်း တဖြည်းဖြည်းတိုး လာနေပြီး ကျွဲနွား၊ တိရစ္တာန်တွေအများအပြားလည်း သေဆုံးခဲ့ရကာ တောင်သူလယ်သမားတွေရဲ့ ဝမ်းစာနဲ့ မျိုးစပါးတွေပါ ပျက်စီးသွားလို့ နိုင်ငံတကာအဖွဲ့အစည်းတွေ အမြန်ဆုံး ဝိုင်းဝန်းအကူအညီပေးဖို့လိုနေပြီလို့ စာရေးဆရာ ဝေဟင်အောင်က ဒီဗွီဘီနဲ့ ဆက်သွယ်မေးမြန်းရာမှာ ပြောပါတယ်။
(မေးမြန်းချက် အပြည့်အစုံ)
မေး။ အခုလက်ရှိ ဒီစစ်တွေမြို့ အခြေအနေသိချင်လို့ပါ။ မုန်တိုင်းကလည်းပြီးသွားပြီဆိုတော့ စစ်တွေ ဒေသခံတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းပေါ့နော်။ ဘာတွေအဓိက လိုအပ်မယ်လို့ ထင်ပါသလဲ။ အခုမုန်တိုင်းဖြစ်သွားတဲ့ ဒေသအကုန်လုံးအခြေအနေ ခြုံငုံသုံးသပ်ပေးစေချင်ပါတယ်။ အထူးသဖြင့် စစ်တွေမြို့ပေါ့နော်၊ စစ်တွေကတော့ အထိအခိုက် အပျက်အစီး ပိုများတာ ဖြစ်တော့လေ။
ဖြေ။ “လက်ရှိ ရခိုင်ပြည်နယ်ရဲ့ အခြေအနေကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ၈ မြို့နယ်လောက်က မုန်တိုင်းအကြီးအကျယ်ခံခဲ့ရတယ်။ ခံရတဲ့အထဲမှာ ဘာပြောစရာရှိလဲဆိုရင် အနည်းပျက်တာနဲ့ အများပျက်တာပဲရှိတယ်။ မပျက်တဲ့နေရာတော့ မရှိဘူး။ စစ်တွေမြို့ အပါအဝင်ပေါ့။ ဒီဘက်မှာ ထိခိုက်မှုအပျက်အစီးက အတော်များတယ်။ နောက်ပိုင်းမှာ ဘာဖြစ်လဲဆိုရင် အသေအပျောက်နှုန်းက နည်းနည်းလေး ပြန်တက်လာတယ်။ ကျနော်တို့ ဘာဖြစ်လာလဲဆိုရင် အခုက ဖုန်းလိုင်းတွေကလည်း အဆင်မပြေသေးဘူး။ အင်တာနက်လိုင်းတွေကလည်း မရဘူး။ အဲ့ဒါကြောင့်မို့လို့ ဖုန်းလိုင်းသာရမယ်ဆိုရင် ကျယ်ကျယ်ပြန့်ပြန့် သိရမယ်လို့ ကျနော် ထင်တယ်။”
“ဒါပေမဲ့ ကျနော်တို့ရသလောက် ဟိုဟိုဒီဒီ စုံစမ်းကြည့်သလောက်ဆိုရင် အသေအပျောက်နှုန်းက တက်လာတယ်။ မွတ်စလင်တွေဘက်မှာ အသေပျောက်ရှိသလို ရခိုင်တွေဘက်မှာလည်း အသေအပျောက် ရှိတယ်ခင်ဗျ။ ပြီးတော့ နောက်တစ်ချက်က ဘာရှိလဲဆိုရင် နောက်ပိုင်းမှာ သိလာရတာက ကျွဲ နွား၊ တိရစ္ဆာန်တွေ၊ သေတာများတာလည်း တွေ့လာရတယ်။ မနေ့ကဆိုရင် ရသေ့တောင်နဲ့ မောင်တောမြို့နယ်ကို သွားကြည့်တယ်။ အဲ့ရသေ့တောင်နဲ့ မောင်တောမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ဘင်္ဂလားပင်လယ်အော်အခြမ်းမှာရှိတဲ့ ရွာတွေဘက်မှာ ကျွဲ နွားပေါင်း ကောင်ရေ ၂၀၀၀ ပတ်ဝန်းကျင်လောက် သေတယ်ဆိုပြီး ကျနော်တို့ သိခဲ့ရတယ်။ ပြီးတော့ တို့မိတ်ဆိုတဲ့ရွာမှာ လူ ၁၃ ယောက် သေတယ်။ အဲ့ဒီနေရာမှာရှိတဲ့ ပေါက်တောပြင်ဆိုတဲ့ရွာမှာ တစ်ယောက် သေတယ်။ အဲ့ဒါတွေကို ထောက်ရှုသောအားဖြင့် ရခိုင်ပြည် အသေအပျောက်ဟာ နည်းနည်းများလာတယ်လို့ သဘောမျိုး ဆောင်တယ်ဗျ။”
မေး။ “ဟုတ်ကဲ့ပါရှင့်။ အခုဆိုလို့ရှိရင် NUG အစိုးရဘက်ကနေပြီးတော့မှ အသေအပျောက် စာရင်းကို ထုတ်တဲ့အခါမှာလူ ၄၀၀ ကျော်သေတယ်လို့ ထုတ်ပြန်လာတာရှိတယ်။ ဆိုတော့ အစ်ကိုတို့ လက်ရှိ နောက်ပိုင်းသွားရေးလာရေးနဲ့ ဆက်သွယ်လို့ရတဲ့အနေထားတွေအရ သေဆုံးသူ ဦးရေက ဘယ်လောက်အထိ ရှိလာမယ်လို့ ခန့်မှန်းပါသလဲ။
ဖြေ။ “သူတို့ ၄၀၀ သေတယ်ဆိုတာ ဘယ်စာရင်းကို ကိုင်လဲဆိုတာ ကျနော်တို့ မသိဘူးဗျ။ ဒါကတော့ သူတို့ဘက်က ဘယ်လိုလုပ်လဲဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ ကျနော်တို့လည်း သတင်းတွေမှာ ဖတ်ရတာက ၄၀၀ လောက်ဆိုတော့ ကျနော်တို့ ကိုယ်တိုင်လည်း အံ့သြနေတယ်။ စစ်တွေမြို့နယ်တွေဘက်ကပေါ့၊ အဲ့နေ့ မတိုင်ခင် မုန်တိုင်းပြီးလို့ နောက်တစ်နေ့ကို စစ်တွေမြို့နယ်ဆိုရင် ဒီဘက်ကပေါ့။ မုန်တိုင်းပြီးလို့ နောက်တစ်နေ့ကို အဲ့ဘက်အခြမ်းကို ကျနော်ကိုယ်တိုင်သွားတယ်။ သွားလို့ရသလောက်ကို သွားကြည့်တယ်။ စနည်းနာကြည့်တာပေါ့။ အဲ့ဒီဘက်မှာ အသေအပျောက်တွေ ဘယ်လိုအခြေအနေတွေရှိလဲ၊ မေးကြည့်တော့ သေတာတော့ ရှိတယ်။ အဲ့လောက် ၄၀၀ လောက်အထိတော့ မဟုတ်ဘူး။ သူတို့နည်းနည်းလေး လွဲတယ်နဲ့ တူတယ်။ ကျနော်တို့ လိုက်ပြီးစုံစမ်းကြည့်တော့ အဲ့နားမှ အများဆုံး သေတာက ကျနော် အဲ့ဘက်ခြမ်းကို ကျနော်ကိုယ်တိုင် သွားတယ်။ သွားလို့ရသလောက်ကိုသွားတယ်။ စနည်းနာကြည့်တာပေါ့။ မင်းတို့ဘက်မှာ အသေပျောက် ဘယ်လိုရှိလဲ မေးကြည့်တော့ သေတာတော့ ရှိတယ်။ ၄၀၀ လောက်တော့မဟုတ်ဘူး။ နည်းနည်းလွဲတယ်နဲ့တူတယ်။”
“ကျနော်တို့ ရသလောက်စုံစမ်းကြည့်သလောက်ပေါ့၊ အဲ့နားမှာ အများဆုံးသေတဲ့ရွာက ၂၇ ယောက်လောက်ပဲ ရှိတယ်။ သူတို့ ဒီမွတ်စလင်ဘက်ကစာရင်းတွေပေါ့။ ပြီးတော့ အဲ့နားပတ်ဝန်းကျင်မှာ ရသလောက်ကို စုံစမ်းကြည့်တာဆိုရင် တစ်ရာကျော်လောက်ပဲ ဖြစ်မယ်ထင်တယ်။ ၄၀၀ လောက် အထိတော့ မဟုတ်ဘူးဗျ။ နည်းနည်းလေး သူတို့ ကောက်တဲ့စာရင်းကတော့ ကျနော် မသိဘူးပေါ့နော်။ ကျနော် ရသလောက်အခြေအနေမျိုးကို ပြောပြတာပါ။ ရခိုင်ဘက်မှာလည်း တစ်ရာလောက်တော့ မဖြစ်နိုင်ဘူး။ လေး၊ ငါး၊ ခြောက်ဆယ်၊ ခုနှစ်ဆယ်လောက်ကတော့ ဖြစ်ဖို့များတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျနော်တို့ လက်လှမ်းမမီတဲ့ နေရာတွေရှိ ဖုန်းလိုင်းက ဘယ်လိုမှမရသေးဘူးဗျာ။ ပြီးတော့ ရခိုင်က ချောင်း မြောင်းတွေ ပေါများတဲ့အတွက် သွားလာရေးက ခက်ခဲတယ်။ အဲ့ဒါကြောင့် ဒီအခြေနေမျိုးမှာ စာရင်းတိတိကျကျ ရနိုင်ဖို့ဆိုတာ အခက်အခဲရှိတဲ့အတွက် ကျနော်တို့ ခန့်မှန်းပြီးတော့ပြောရတဲ့ အခြေအနေဖြစ်သွားတယ်။ ရခိုင်ပြည်နယ် အတိုင်းအတာအရ။ အခုရှိမယ်ဆိုရင် လေး၊ ငါး၊ ခြောက်ဆယ်လောက်တော့ ဖြစ်လိမ့်မယ်လို့ ယူဆတယ်ဗျ။”
မေး။ ဟုတ်ကဲ့ပါရှင့်။ အခုကယ်ဆယ်ရေးလေယာဉ်တွေ ထွက်လာတာတို့၊ အကူအညီပေးတဲ့ ယာဉ်တန်းတွေ ထွက်လာတာတို့ သတင်းကြားတယ်။ လက်ရှိ စစ်တွေမြို့ပေါ်မှာ အကူအညီပေးတဲ့ အခြေအနေပေါ့၊ ဘယ်လိုအခြေအနေရှိတယ်။ အဲ့ဒီအခြေအနေတွေလည်းသိပါရစေရှင့်။
ဖြေ။ “လက်ရှိ ကယ်ဆယ်ရေးအနေနဲ့ ကူညီထောက်ပံ့ရေးအနေနဲ့ ထိထိရောက်ရောက် ပေးတာတော့ မတွေ့ရသေးဘူး။ မနေ့က ကြားသလောက်ဆိုရင် ပြည်နယ် နစက ဘက်ကနေပြီးတော့ သွပ်တွေ နည်းနည်းမျှပေးတယ်လို့ ပြောတယ်။ တချို့အိမ်တွေကိုဗျာ သွပ်နှစ်ချပ်လောက် ကူညီထောက်ပံ့ပေးတယ်လို့ ပြောတယ်။ အဓိကထောက်ပံ့တာက အဲ့လောက်ပဲ ကြားနေရသေးတယ်။ လူမှုအဖွဲ့အစည်းအနေနဲ့ကျရင် ဘာမှ ပြည်မဘက်ကလည်း သိပ်များများစားစား မရောက်သေးဘူး။ NGOs , INGOs တွေဘက်ကလည်း ဘာမှ ထိထိရောက်ရောက် ကူညီပေးတာမတွေ့ရသေးဘူး။ နည်းနည်းပါးပါး ဆန်ပေးတာလောက်ပဲ ရှိသေးတယ်။ ဥပမာ မပြောပလောက်တဲ့ ဆန်နည်းနည်းပါးပါးပေးတာလောက်ပဲ ရှိသေးတယ်ဗျ။ လက်ရှိ လက်ရှိစစ်တွေမြို့ရဲ့ အခြေအနေပေါ့။ အဲ့လောက်နဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပျက်တာက တော်တော်များတယ်။ အပျက်အစီးက ရခိုင်ပြည်နယ် တပြည်နယ်လုံးအတိုင်းအတာ နီးပါးလောက် ဖြစ်သွားတယ်။ ကျန်ရင်လည်း သိပ်မကျန်ဘူး။ မြို့နယ်အားဖြင့် သုံး၊ လေးမြို့နယ်သာသာလောက်ပဲ ကျန်တယ်။ ကျန်တဲ့မြို့နယ်တွေက အကုန်လုံးထိခိုက်တယ်။ အထူးသဖြင့် နယ်ဘက်တွေက တော်တော်ဆိုးဆိုးရွားရွား ခံရတယ်။
မေး။ မုန်တိုင်းတိုက် ခတ်ပြီးတဲ့နောက်ပိုင်းမှာ ထိခိုက်သွားတဲ့ ရခိုင်ပြည်နယ်ဟာ ဆိုရင် ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးတယ်လို့လည်း အာရက္ခပြည်သူ့အစိုးရက ထုတ်ပြန်တာပေါ့နော်။ ဆိုတော့ ပြန်လည်ထူထောင်ရေးအပိုင်းမှာ ဒေသခံပြည်သူတွေ ကိုယ်ထူကိုယ်ထလုပ်နိုင်တဲ့ အတိုင်းအတာပေါ့နော်။ ကိုယ့်အိမ်ကိုပြန်ပြီးပြင်နိုင်ဖို့ပေါ့၊ နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေး အပိုင်းဟာ စစ်တွေဒေသခံ၊ ရခိုင်ပြည်နယ် ဒေသခံတွေဟာ ဘယ်လောက်အထိ ပြန်လုပ်နိုင်မယ်လို့ ခန့်မှန်းလဲ။ ဒီအပေါ်မှာလည်း သုံးသပ်ပေးစေချင်ပါတယ်။
ဖြေ။ “ကိုယ့်ဟာနဲ့ကိုယ် ထူထောင်နိုင်ဖို့က အပိုင်း နှစ်ပိုင်း၊ သုံးပိုင်းလောက် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့က ပိုက်ဆံရှိတယ်။ ခေါင်မိုးတွေ ဘာတွေ ပါသွားတယ်။ ပစ္စည်းတွေ ပါသွားတယ်။ ဒီလူတွေအတွက်က သိပ်ကိစ္စမရှိဘူး။ ကိစ္စကဘာရှိလဲဆိုရင် နယ်ဘက်က လူတွေပေါ့။ နဂိုကတည်းက ဆင်းရဲတယ်ဗျာ။ စားရေးသောက်ရေးတောင် သိပ်အဆင်မပြေဘူး။ လက်လုပ်လက်စားတွေပေါ့။ ဒီလူတွေမှာ အိမ်တွေပါသွားပြီဆိုရင်တော့ ဒီလူတွေမှာ ပြန်ပြီး နာလန်ထူနိုင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ပြီးတော့ နယ်ဘက်တွေမှာ ကျနော်တို့ ရခိုင်ရဲ့ ၇၀ ရာခိုင်နှုန်းက လယ်သမားတွေ ဖြစ်တယ်ပေါ့။ အဲ့လယ်သမားတွေမှာ ဘာပါသွားလဲဆိုရင် သူတို့မှာ ဝမ်းစာ စပါးတွေ ပါသွားတယ်။ မျိုးစပါးတွေ ပါသွားတယ်။ သူက မျိုးစပါးတွေ ဝမ်းစာ စပါးတွေ ပါသွားတဲ့အပြင် အိမ်တွေ ပါသွားတယ်။ ကျွဲ၊ နွားတွေ ပါသွားတဲ့အတွက် သူတို့အနေနဲ့ ကိုယ်ထူကိုယ်ထ နာလန်ထူနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ဒီအပေါ်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေမပါဘဲနဲ့ ကျနော်တို့ ဒေသခံလောက်နဲ့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး၊ ဒါတွေက၊ ဒါကြီးက ပုံသေကားကျ ပြောလို့ရတယ်။ ဒါကြောင့် ခုနကပြောသလို ဖြစ်နိုင်မယ်ဆိုလို့ရှိရင် UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန်နဲ့ ဒီနေရာကနေ ဝိုင်းပြီးအကူအညီပေးဖို့အတွက် ဒီနေရာကနေ သတင်းစကားလေးနဲ့ မေတ္တာရပ်ခံချင်တယ်။”
မေး။ “နောက်တစ်ခုက လက်ရှိ ကုန်ဈေးနှုန်းပေါ့နော်။ အိမ်ဆောက်ပစ္စည်းတွေကအစ ကုန်ဈေးနှုန်းပေါ့နော်။ စားရေးသောက်ရေး လိုအပ်တာတွေအတွက် ဝယ်ရခြမ်းရတာတွေက အဆင်ပြေရဲ့လား၊ ဈေးနှုန်းတွေကရော အဆင်ပြေပါရဲ့လား။ တော်တော်များများကလည်း ဖြစ်လေ့ဖြစ်ထ ရှိတဲ့အတိုင်းပေါ့၊ ဒုက္ခဖြစ်ရင် ဈေးပိုတင်တဲ့ အလေ့အထကြီးက ရှိတဲ့အခါကျတော့ အဲ့အပိုင်းလေးတွေ ရှိရင်လည်းပြောပြစေချင်ပါတယ်။
ဖြေ။ “ဈေးနှုန်းကတော့ တက်တယ်ဗျ။ တော်တော်တက်တယ်။ တော်တော်လေးကို သိသိသာသာကို တက်တယ်။ ဥပမာဆိုရင် ကျနော်တို့ ပြီးတော့ တခြားတဖက်မှာလည်း ပြောစရာက ဝယ်လိုအားကလည်း အရမ်းများတာကိုး။ အိမ်တိုင်းလိုလို ပျက်သွားတယ်။ ခေါင်မိုးတွေ လန်တယ်။ သွပ်တွေ ပါသွားတယ်။ အမိုးအကာတွေပျက်စီးတယ်ပေါ့။ ပြီးတော့ ကျနော်တို့ ရခိုင်ဘက်မှာ ဒီနောက်လကစပြီး မိုးဘက်ကိုလည်း တဖြည်းဖြည်းပါလာပြီပေါ့။ နောက်တစ်ရက်၊ နှစ်ရက်၊ နောက် တစ်ပတ်၊ နှစ်ပတ်လောက်ဆိုရင် သေချာတာက နေ့စဉ်နဲ့အမျှ မိုးရွာမယ့် အခြေအနေမျိုးလေး အရိပ်အယောင်တွေ မြင်နေရပြီပေါ့။ အဲ့ဒါကြောင့် ဒီမိုးမရွာခင်ကာလတွေမှာ အကုန်လုံးက အမိုးအကာအောက်ကို မြန်မြန်ဆန်ဆန် ရောက်နိုင်ဖို့အတွက် ကြိုးစားကြတယ်ပေါ့။ အဲ့အချိန်မှာ ဘယ်သူ့အကူအညီမှ မပါဘဲနဲ့ ကိုယ့်မှာရှိတဲ့ ပစ္စည်းဥစ္စာတွေ ထုခွဲရောင်းချ၊ ရှိတဲ့ ဟာလေးနဲ့ အမိုးအကာအောက်ကို အမြန်ရောက်ဖို့အတွက် သူတို့ဝယ်ကြတဲ့အချိန်မှာ ခုနကပြောသလို ဝိသမလောဘသား ကုန်သည်တွေကတော့ သိတဲ့အတိုင်းပေါ့၊ ဝယ်လိုအားကို ချိန်ပြီးတော့ သူတို့ ဈေးတင်ပြီးတော့ ရောင်းကြတာပဲ။ များတယ်ဗျ။ ဈေးတင်တာကတော့ သိသိသာသာကို သိသာတယ်။ အဲ့ဒါကလည်း ကျနော်ထင်တယ် သိပ်တော့မကြာလောက်ဘူး ထင်တယ်။ ရန်ကုန်ဘက်က ကုန်တင်ကားတွေ စီးဆင်းလာပြီးရင်၊ ဒီဘက်က သင်္ဘောတွေ ဝင်လာပြီးရင်တော့ အဲ့ဈေးကတော့ ပြန်ကျသွားမယ်လို့ မျှော်လင့်ရတာပေါ့။ လက်ရှိကတော့ ကုန်ဈေးနှုန်းမြင့်တာကိုတော့ ရင်ဆိုင်နေရတယ်။ ဒါကတော့ ဒီဟာ အရှိတရားပါ၊”
မေး။ “ဟုတ်ကဲ့ ကျမတို့ သိရသလောက် အရန်ဆန်ပေါ့၊ ဒါ ဘေးဒုက္ခဖြစ်လာရင် ထုတ်သုံးနေကျ အရန်ဆန်တန် သုံးထောင်လောက် ရခိုင်ကို သင်္ဘောနဲ့ ထွက်ခွာသွားတယ်လို့ သိရတယ်။ အဲ့ဒီမှာ ဆန်ကုန်သည်အသင်းတို့ ဘာတို့ ဒီကနေပြီးတော့မှ ကူညီတဲ့ ဆန်အိတ်တွေလည်း ပါသွားတယ်လို့ သိရတယ်။ အဲ့ဒါတွေလည်း ရောက်တယ်လို့ ကြားလား။”
ဖြေ။ “မကြားရသေးဘူး ခင်ဗျ၊ ရောက်တယ်ဆိုတာ။ မကြားရသေးဘူး။ အဲ့ဆန်တွေနဲ့ ပတ်သက်ပြီးတော့ ဘာမှ မကြားရသေးဘူး။”
မေး။ ရောက်ရင်တော့ အစ်ကိုတို့ သိရမှာပေါ့နော်။
ဖြေ။ “သိရမလား ဆိုတာကလည်း တခါတလေ နည်းနည်းလေးဂွကျတယ်။ တခါတလေ အဆက်အသွယ်က ပြတ်တယ်။ ပြတ်တယ်ဆိုတာ ကျနော်တို့ သိရတဲ့အချိန်လည်း နောက်ကျတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ဖုန်းလိုင်းတွေက တောက်လျှောက်ပြတ်တယ်။ အင်တာနက်လိုင်းကလည်း ပြတ်တယ်ဆိုတော့ တချို့သတင်းတွေကို အစ်မတို့လောက်တောင် ကျနော်တို့ မသိဘူး။ ဒါအရိုးသားဆုံး ကျနော်တို့ ပြောတာပါ။ ခုနက ဆန်ထွက်လာတယ်ဆိုတာ ကျနော်တို့ မသိဘူးဗျ။ အစ်မပြောမှ သိရတာ ဒါတွေက။”
မေး။ နောက်တစ်ခုက စစ်တွေမြို့ပေါ်မှာ ဆန်ဂိုဒေါင်တွေပေါ့နော်။ ဆန်စက်ပိုင်ရှင်တွေကပဲဖြစ်ဖြစ်၊ သူတို့ပိုင်တဲ့ ဆန်ဂိုဒေါင်တွေဘာတွေ၊ အထိအခိုက် အပျက်အစီးတွေရှိလား။ အဲ့အခြေအနေလေးတွေ လည်းသိချင်လို့ပါ။
ဖြေ။ “ရှိတယ်။ ရှိတယ်။ ခုနမုန်တိုင်းဒေသမှာပါသွားတဲ့ ဆန်ဒိုင်တွေအကုန်လုံးကို ပါသွားတယ်။ စက်ရုံတွေအကုန်လုံးကို ပါသွားတယ်။ လုပ်ထားတဲ့ ကုန်သည်တွေ၊ စီးပွားရေးသမားတွေမှာ လုပ်ထားတဲ့ဆန်တွေ ရှိတယ်။ အဲ့ဒီဆန်တွေလည်း အများစုပါသွားတယ်။ တော်တော်လေးကို ပါသွားတယ်။ ကျနော် ထင်တယ်။ မကျန်သလောက်ပဲ၊ ကျန်ရင်လည်း ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၂၀ ရာခိုင်နှုန်းလောက်တောင် ကျန်လိမ့်မယ်မထင်ဘူး။”
မေး။ လတ်တလော စစ်တွေမြို့ မုန်တိုင်းဒဏ်ခံရတာနဲ့ပတ်သက်ပြီး တခြားပြောပြစရာ ရှိရင်လည်း ပြောပြပေးပါ။
ဖြေ။ ဒီလောက်ဆိုရင်လည်း လုံလောက်ပြီလို့ ထင်ပါတယ်။ အစ်မ မေးတာလည်း တော်တော်လေးကို ပြည့်စုံပြီလို့ ကျနော် ယူဆတယ်။”
ကျေးဇူးတင်ပါတယ်။