ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်ကလေးငယ် ၂၅၀ ဝန်းကျင်ကို ကြားကာလ စာသင်ပေးနေတဲ့ စာသင်ကျောင်းမှာ ဖတ်စာအုပ်တွေ သင်ထောက်ကူတွေနဲ့ စာသင်ဆောင်အပြင် ရေလိုအပ်တာတွေရှိနေတယ်လို့ စာသင်ကြားပေးနေတဲ့ ဆရာ/ဆရာမတွေက ပြောပါတယ်။
စစ်ရှောင်စာသင်ကျောင်းမှာ Grade 1 ကနေ Grade 9 အထိ ပညာသင်ကြားပေးနေပြီး စာသင်ရတဲ့အခါ စာအုပ်မလုံတာနဲ့ သင်ထောက်ကူပစ္စည်းတွေ အကူအညီလိုအပ်နေတယ်လို့ ဆရာမတယောက်က ပြောပါတယ်။
စာသင်ကြားရတဲ့အခါ ဆရာမအရေအတွက် ၁၃ ယောက်ရှိပြီး ကျောင်းသားအရေအတွက် ၂၅၀ နီးပါးရှိတာကြောင့် စာသင်ဆောင်လည်း မလုံလောက်ဘူးလို့ သိရပါတယ်။
ကြားကာလမှာ ပညာသင်ကြားပေးနေပြီး စစ်ကောင်စီရဲ့လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အခြေနေကြည့်ပြီး ပညာသင်ကြားပေးနေရတယ်လို့ ဆရာမတယောက်က ပြောပါတယ်။
အခက်အခဲများစွာကြားက ကလေးငယ်တွေရဲ့ ပညာရေး နှောင့်နှေးမှုမရှိစေအောင် ဆက်လက်ပြီးတော့ ပညာသင်ကြားပေးနေကြပြီး ဆရာ/ဆရာမတွေအနေနဲ့လည်း နေထိုင်စားသောက်ဖို့ အခက်အခဲအပြင် သွားလာစရိတ်အတွက်ပါ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။