တောင်ငူအကျဥ်းထောင်အတွင်း ဒီနေ့ ညနေသုံးနာရီက တရားရုံးထုတ်လာတဲ့ အချုပ်သားဆယ်ဦးက ရဲတွေဆီက သေနတ်လုယူပြီး ပစ်ခတ်ခဲ့ရာ ဝန်ထမ်းတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကာ သေနတ်လေးလက်ပါသွားတယ်လို့ စစ်ကောင်စီနဲ့ နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဒီနေ့ညနေ သုံးနာရီက တောင်ငူထောင်အတွင်းရှိ အချုပ်သားဆယ်ဦးကို တရားရုံးထုတ်လာစဥ် ဒုရဲအုပ်အပါအဝင် ခြောက်ဦးကို တိုက်ခိုက်ကာ သေနတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေးသွားတာလို့ စစ်တပ်နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"အကျဥ်းဦးစီးဘက်က ထောင်တပ်ကြပ်တယောက်သေတယ်၊ ရဲတဦးနဲ့ ထောင်ဝန်ထမ်းတဦး ဒဏ်ရာရတယ်၊ စိုးရိမ်ရတယ်။"
အချုပ်သားဆယ်ဦးမှာ ဒုရဲအုပ်နဲ့ရဲတပ်သားဆီက သေနတ်လုယူပြီးထွက်ပြေးစဥ် လိုက်လံဖမ်းဆီးသူတွေကိုပါ ပစ်ခတ်ခဲ့ရာ ထောင်ဝန်ထမ်းတဦး သေဆုံးပြီး တဦး ဒဏ်ရာရရှိခဲ့တယ်လို့ အကျဥ်းဦးစီးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"အကျဥ်းဦးစီးက တပ်ကြပ်ဝန်ထမ်းတယောက်သေတယ်၊ တပ်ကြပ်ကြီးဒဏ်ရာရတယ်။ ရဲဘက်ကတော့ မသိဘူး၊ ခြောက်လုံးပြူးတလက်၊ G3 တလက်၊ MA 11 နဲ့ ကာဘိုင်တလက်ပါသွားတယ်။"
လက်တလောမှာ တောင်ငူမြို့အဝင်ဂိတ်နဲ့ အကျဥ်းထောင်နဲ့အနီးတဝိုက်မှာ စစ်ကောင်စီတပ်က ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့လကလည်း ကျောင်းကုန်းရဲစခန်းမှာ အချုပ်သားရှစ်ဦး အချုပ်ခန်းကို ဖောက်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။