အင်အားပြင်းထန်လွန်းတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်က ကျေးရွာအများအပြား ထိခိုက်ပျက်စီးပြီး အကူအညီ လိုအပ်နေကြောင်း ဒေသခံတဦးက ပြောပါတယ်။
ဆေးရုံအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက “မောင်တောမြို့ပေါ်သာ ဘာမှမဖြစ်တာ။ နယ်ဘက်က အကုန်ထိတယ်။ ဒုံးပိုက်ကဆို အုတ်တိုင်ပိပြီး သေတာ ၁၃ ယောက်ရှိတယ်။ ဒဏ်ရာတွေက ဟက်တက်ကွဲတွေ။ သေတဲ့သူက မြှုပ်မယ့်လူမရှိ။ ၁၇ ရက်နေ့ကမှ ဆေးရုံက သွားသယ်လာရတာ။ အသေအပျောက်စာရင်း လုပ်နေဆဲပဲ” လို့ ပြောပါတယ်။
မောင်တောနယ်ဘက်က မုန်တိုင်းဒဏ်ခံရသူတဦးကလည်း “ကျောက်ပန်းတူရွာဆို ပင်လယ်ကမ်းဘေးဆိုတော့ ရွာလည်းမရှိတော့ဘူး။ နယ်ဘက်ကကျောင်းတွေ အကုန် ခေါင်မိုးလန် ပျက်ကုန်ပြီ။ အစိုးရကလည်း NGOs တွေကို အဝင်မခံတာနဲ့၊ WFP လည်း ကူလို့မရ၊ လူတွေက ငတ်ပြတ်နဲ့ နယ်တွေဘက်တော့ အရမ်းဒုက္ခရောက်နေတယ်” လို့ ပြောပါတယ်။
ဆေးရုံက အပြင်လူလည်း ဝင်လို့မရတော့ အသေအပျောက်ကတော့ မသိနိုင်ဘူးလို့လည်း ဆိုပါတယ်။
မောင်တောမြို့က မုန်တိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါး မခံလိုက်ရတာမို့ ပုံမှန်ပြန်လည် လည်ပတ်နေပြီ ဖြစ်ပေမဲ့ နယ်ဘက်ကတော့ အကူအညီများစွာ လိုအပ်နေတယ်လို့ ဆိုပါတယ်။
NGOs တခုက တာဝန်ရှိသူတဦးကလည်း ခုချိန် ဘာမှ လုပ်ပေးခွင့်မရှိ၊ လုပ်ပေးလို့မရ ဖြစ်နေတယ်လို့ ပြောပါတယ်။ ဘူးသီးတောင်၊ မောင်တော ဒေသတွေက NGOs အဖွဲ့အစည်းပေါင်းများစွာ ရုံးစိုက်တဲ့ မြို့တွေလည်း ဖြစ်ပါတယ်။