ကချင်ပြည်နယ်၊ လီဒိုလမ်းမပေါ်မှာရှိတဲ့ တနိုင်းမြို့မှာ နှစ်ဖက်လက်နက်ကိုင်တွေ တားဆီးပိတ်ပင်မှုတွေကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးကာ မေ ၁၇ ရက်နေ့မှာတော့ တရားမဝင် စက်သုံးဆီတင်သွင်းမှုတွေ ရှိလာပြီး ဈေးမြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနိုင်းဒေသခံတဦးက “တခြားမြို့တွေဆို တဂါလန် ၉,၀၀၀ လောက်ပဲ။ တနိုင်းမှာကျ ဓာတ်ဆီ တဂါလန် ၁၅,၀၀၀၊ ဒီဇယ် တဂါလန် ၁၆,၀၀၀ ပေးရတယ်။ ရွှေမှော်တွေဘက်ဆိုရင်တော့ တပေပါ ၁၀ သိန်း၊ ပိုဝေးရင် ၁၂ သိန်းလောက်ထိ ဈေးပေါက်တယ်” လို့ ပြောပါတယ်။
မိုခါမုန်တိုင်းမတိုင်ခင် လွန်ခဲ့တဲ့ရက်တွေက စက်သုံးဆီဆိုင်တချို့ ပိတ်ထားတာမျိုး ရှိခဲ့ပေမဲ့ ဒေသခံတွေကတော့ စက်သုံးဆီဈေး ကျလာမှာစိုးလို့ တမင်မရောင်းတာလို့ ပြောဆိုခဲ့တာပါ။
တနိုင်းမြို့ဘက်ကို စက်သုံးဆီတင်ပို့ဖို့ စစ်ကောင်စီဘက်ကရော၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဘက်ကရော ခွင့်မပြုရင် တင်သွင်းလို့မရတာကြောင့် စက်သုံးဆီပြတ်လပ်မှုတွေ အမြဲကြုံတွေ့ရတာ ဖြစ်ပါတယ်။
ရွှေမှော်တွေရဲ့ စက်သုံးဆီ လိုအပ်ချက်တွေကြောင့် စက်သုံးဆီကတော့ အမြဲဝယ်လိုအား မြင့်နေတာပါ။
မြန်မာနိုင်ငံအရပ်ရပ်က လူကြီးလူငယ် အမျိုးသား အမျိုးသမီး အရွယ်စုံက တနိုင်းမြို့ရဲ့ ရွှေမှော်၊ ပယင်းမှော်တွေမှာ လာရောက်လုပ်ကိုင် စီးပွားရှာဖွေနေကြကာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရှာဖို့ ပိုမိုအားထား ဝင်ရောက်လာကြပါတယ်။
လက်နက်ကိုင်တွေရဲ့ တင်သွင်းခွင့် ပိတ်ပင်တတ်တာနဲ့ ရွှေမှော်တွေရဲ့ စက်သုံးဆီ လိုအပ်ချက်တွေကြောင့် တနိုင်းမြို့ဟာ စက်သုံးဆီစျေး မြင့်တက်မှုဒဏ်ကို အမြဲရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။