Home
မြန်မာသတင်း
ကော့သောင်း ဘုရင့်နောင်ကုန်းပေါ်ရှိ ဈေးဆိုင်တန်းများကို ကမ်းနားလမ်းသို့ ပြောင်းရွှေ့ခိုင်း
DVB
·
May 18, 2023
346957309_810683493397948_3147061443536935843_n
Dawei Night Market

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ ဘုရင့်နောင်ကုန်းမြေအပေါ်ဘက်က ဈေးဆိုင်တန်းတွေကို ကမ်းနားဘက်သို့  မေလ ၂၁ ရက်နေ့ကစပြီး ပြောင်းရွှေ့ရမယ်လို့ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စာထုတ်ပြန်ထားပါတယ်။

ပြောင်းရွှေ့ရမယ့် ဘုရင့်နောင်ကုန်းမြေအပေါ်ဘက် ဈေးဆိုင်တန်းတွေဟာ ၈ ဆိုင်လောက်ရှိပြီး အဲဒီနေရာမှာ ဒေသခံတွေ ဈေးရောင်းနေတာဟာ ၁၀ စုနှစ်ကျော်လောက်ရှိနေပြီဖြစ်ပါတယ်။

ဆိုင်ပိုင်ရှင်တစ်ဦးက “ဈေးသည်တွေကို အစည်းအဝေးမခေါ်ဘဲ သူတို့ဘာသာ စည်းဝေးပြီး စာထုတ်တာ။ ပြောင်းရွှေ့ရမယ့်နေရာသစ်ကိုရောက်ရင် ကိုယ်ရောင်းတဲ့ပစ္စည်းတွေ ပြန်သယ်ရမှာဆိုတော့ ဆိုင်သိမ်းရင်လည်း အခက်အခဲတွေရှိတယ်”လို့ ပြောပါတယ်။

ဈေးဆိုင်ခန်းနေရာ ပြောင်းရွှေ့ရောင်းချရာမှာ လက်တွန်းလှည်းတွေ၊ ဈေးဆိုင်ခန်းယာယီတဲတွေ၊ စားပွဲ၊ ခုံတွေကို ဈေးရောင်းပြီးတဲ့အချိန်  ကိုယ့်အစီအစဉ်နဲ့ ပြန်လည်သိမ်းဆည်း ဆောင်ရွက်သွားရမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

“နေရာသစ် ကမ်းနားလမ်းကို ပိတ်ပြီး ဈေးဝယ်သူတွေက လမ်းလျှောက်ပြီး ဈေးဝယ်ရမယ်။ သူတို့လုပ်ချင်တာက ထိုင်းက ဈေးပွဲတွေလိုမျိုး။ သူတို့လုပ်ချင်တာပဲ သိတယ်။ ဈေးသည်တွေရဲ့ အခက်အခဲတွေကိုတော့ သူတို့ထည့်မစဉ်းစားကြဘူး”လို့ ဈေးသည်တစ်ဦးက ပြောပါတယ်။

“အခုလို ကမ်းနားဘက်ကြီးမှာ လေမိုးလှိုင်းဒဏ်ကြီးခံပြီး စီးပွားရှာရတာကြီးတော့ တကယ်စိတ်မကောင်းဘူး။ ရေကြီးပတ်တွေဆို ရေလှိုင်းခတ်ရင် ကမ်းနား ကတ္တရာလမ်းပေါ်အထိ ရေတက်ပက်တယ်။ လေအရမ်းတိုက်ရင် ထီးဖွင့်မရတဲ့ အနေအထားမှာ ဈေးရောင်းတဲ့သူတွေအနေနဲ့ အခက်တွေ့မှာပဲ”လို့ ဒေသခံတစ်ဦးက သူ့ရဲ့အမြင်ကို ပြောပါတယ်။

ဈေးရောင်းချသူတွေအနေနဲ့ ထုတ်ပြန်ချက်မှာပါတဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက မြို့နယ်စည်ပင်သာယာရေးအဖွဲ့က လာရောက်သိမ်းဆည်းပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024