ကရင်နီ(ကယား)ပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၂ သိန်းခွဲကျော်ရှိနေပြီး အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ အလှူရှင်နည်းပါးလာတာကြောင့် စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ရတာလည်း နည်းလာတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတွေဆီက သိရပါတယ်။
“အရင်က လူတဦးကို ဆန် ၃ ပြည်နှုန်းပေါ့၊ အခုက အလှူရှင်တွေ နည်းပါးသွားတာကြောင့်၊ နောက် ကုန်ခြောက်အမယ်တွေပါ ထည့်ပေးဝေတာကြောင့် လူတယောက်ချင်းနှုန်း မပေးဝေနိုင်တော့ဘဲ တအိမ်ထောင် ဆန် လေးငါးပြည် အဲလိုပဲ ပေးဝေနိုင်တော့တယ်ဗျ။”
ကရင်နီဒေသဘက်မှာ စစ်ဘေးရှောင်ရသူ ပိုမိုများပြားလာပြီး အလှူရှင်နည်းတာအပြင် အချိန်ကာလ ကြာမြင့်လာတာကြောင့် စစ်ဘေးရှောင်တွေအတွက်လည်း အခက်အခဲတွေ ကြုံတွေ့ရတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတဦးက “ကျမတို့က ပြည်သူကထောက်ပံ့တာကို မျှော်နေရတယ်။ အခုထက်ထိလည်း ထောက်ပံ့ပေးနေတယ်ပေါ့။ ကြာလာလို့ ကျမတို့ကို သူတို့က မကူညီနိုင်တော့ဘူးဆိုရင် ကျမတို့ဘဝ ဘယ်လိုဆက်ဖြစ်လာမလဲ မတွေးရဲပါဘူးရှင့်” လို့ ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ ဝေးလံခေါင်သီတဲ့နေရာမှာ စစ်ရှောင်နေကြရလို့ စီးပွားရေး လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေဘဲ နေရပ်ပြန်ဖို့ကလည်း စစ်ကောင်စီတပ်ကြောင့် မပြန်ရလို့ အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။