၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာ ပဇီကြီးကျေးရွာ အကြမ်းဖက်တိုက်ခိုက်မှုမှာ မြန်မာစစ်တပ်ဟာ ပေါက်ကွဲအားပြင်းတဲ့ မီးလောင်ဗုံးတွေကို အသုံးပြုခဲ့ကြောင်း၊ အဲ့ဒီတိုက်ခိုက်မှုကြောင့် ကလေးသူငယ်အပါအဝင် လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ရကြောင်း၊ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာတဲ့အဖွဲ့ (HRW)က မေလ ၉ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲ့ဒီလိုပေါက်ကွဲအားပြင်းထန်တဲ့ မီးလောင်ဗုံးတွေသုံးပြီးတိုက်ခိုက်ခဲ့တဲ့ ပဇီကြီး ကျေးရွာတိုက်ခိုက်မှုဟာ အရပ်ဘက် စစ်ဘက်မခွဲခြားတဲ့အပြင်၊ အရပ်သားသေဆုံးမှု အဆမတန်များစေခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်တာပဲဖြစ်ပါတယ်။ နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်ဆီ ငွေကြေးစီးဆင်းတာ၊ လက်နက်နဲ့ လေယာဥ်ဆီပေးပို့တာတွေကိုတားမြစ်ကြဖို့ လုပ်ဆောင်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် မြန်မာစစ်တပ်ဟာ ကင်းလွတ်ခွင့်ရထားသူလို ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေဦးမှာ ဖြစ်ပါတယ်။
“အရပ်သားတွေ စုစုဝေးဝေးရှိတဲ့နေရာကို အစုအပြုံလိုက်သေစေနိုင်တဲ့ လက်နက်တွေ အသုံးပြုခြင်းဟာ မြန်မာစစ်တပ်ရဲ့ လူမဆန်တဲ့လုပ်ရပ်၊ ပြည်သူ့အသက်ကို လျစ်လျူရှုလိုက်တဲ့ လုပ်ရပ်ဆိုတာ ပြသလိုက်တာပါပဲ''လို့ လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့က အာရှရေးရာဒါရိုက်တာ အီလိန်းပီယာဆန်က ပြောပါတယ်။
ဆက်လက်ပြီး သူက “နိုင်ငံတကာအစိုးရတွေအနေနဲ့ကလည်း စစ်တပ်ကို ငွေကြေး၊ လက်နက်နဲ့ လေယာဥ်ဆီ ရရှိစေမယ့်နည်းလမ်းမှန်သမျှကို ဖြတ်တောက်ဖို့လိုအပ်ပါတယ်။ ဒါမှသာ စစ်တပ်အနေနဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို နောက်ထပ် မကျူးလွန်နိုင်မှာ ဖြစ်ပါတယ်။”
အတိုက်အခံ ပြည်သူ့အုပ်ချုပ်ရေးရုံးကို ဧပြီလ ၁၁ ပဇီကြီးကျေးရွာမှာ ဖွင့်လှစ်ဖို့ ဖြစ်ပါတယ်။ အဲဒီ၃ဖွင့်ပွဲအတွက် ကန့်ဘလူနယ်က အရပ်သား ၃၀၀ ကျော် စုရုံးရောက်ရှိနေကြတာပါ။
မျက်မြင်သက်သေနှစ်ယောက် HRW ကိုပြောတာကတော့ “မနက် ၇ ခွဲလောက်မှာပဲ စစ်တပ်ရဲ့ ဂျက်လေယာဥ်တစ်စီး ကျုပ်တို့ ခေါင်းပေါ်ဝဲလာတယ်။ ပြီးတာနဲ့ ဗုံးကြဲချတယ်။ ဗုံးကတော်တော်ပြင်းတယ်။ အဆောက်အဦဘေးနားက လူအုပ်ကြားထဲ ပေါက်ကွဲတော့တာပဲ။ ဘာမှမကြာလိုက်ဘူး။ ခဏနေတော့ ရဟတ်ယာဥ်တစီး ရောက်ချလာတာပဲ။ အဲ့မှာ တခါတည်း.......ပစ်တော့တာပဲ။ လူတွေကလည်း သွေးရူးသွေးတန်းနဲ့ ဟိုသည်ပြေးကြတာပေါ့။”
ပဇီကြီးဒေသခံတစ်ဦးကတော့ “အဲဒီဖွင့်ပွဲကို PDF တွေလည်း တက်ကြတယ်။ ရုံးကတော့ အရပ်ဘက်အတွက် ရည်ရွယ်ပြီးဖွင့်တာပါ။ အခွန်အကောက်ကိစ္စတို့ မြို့နယ်အစည်းအဝေးပွဲတို့၊ တရားရေးလုပ်ငန်းတို့အတွက်ပေါ့။ နောက်ပြီး ကုန်ပစ္စည်း၊ ရန်ပုံငွေနဲ့ ဆေးဝါးတွေကိုလည်း သိုလှောင်အသုံးပြုဖို့ပေါ့။ လက်နက်ခဲယမ်းအချို့အတွက်လည်း ပါမှာခင်ဗျ။”
“ပွဲအစီအစဥ်အရဆိုရင် ဦးဆုံးအစည်းအဝေးပွဲလုပ်မယ်။ ပြီးရင် ဖျော်ဖြေပွဲတွေ ဆုပေးပွဲတွေ စသဖြင့်ပေါ့။ အဲ့ဒီအတွက် ကင်းထောက်တွေ၊ လုံခြုံရေးအစောင့်တွေလည်း ချထားတယ်။ သူတို့ အဓိကစိတ်ပူတာက စစ်တပ်ရဲ့ ကြည်းကြောင်းပေါ့။ လေကြောင်းကို အဲ့သလောက် မစိုးရိမ်ကြဘူး။ ဒါပေမဲ့ မထင်မှတ်ဘဲနဲ့ အခုလိုလေကြောင်းကနေ ဖြစ်သွားခဲ့တာပဲ။’
အဲဒီမျက်မြင်သက်သေဟာလည်း သူ့မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။
ဒုတိယမြောက် မျက်မြင်သက်သေတစ်ဦးကတော့ “ကျုပ်က အဲဒီကို အစောကြီးရောက်သွားတာ။ စစ်တပ်ရဲ့ လေကြောင်းကနေ စပစ်တော့ ကျုပ်က အဆောက်အအုံအပြင်ဘက် ရောက်နေတာ။ ဒါနဲ့ ကျုပ်လည်း ပြေးခွင့်သာသွားတယ် ပြောရမှာပါ။ ပေါက်ကွဲမှုလည်းဖြစ်ရော ကျုပ်လည်း မြောင်းထဲ ခုန်ချလျက်သားဖြစ်နေရော။ ပထမဦးဆုံးအကြိမ် တိုက်ခိုက်မှုကို ဂျက်လေယာဥ်နဲ့ လုပ်သွားတာပါ။ အဲဒီမှာ အထဲကလူတွေ အကုန်သေတယ်။ အဆောက်အအုံလည်း ပျက်စီးသွားတယ်။ နောက် ဒုတိယအကြိမ်ကျတော့ ရဟတ်ယာဥ်နဲ့လာပစ်တာ။ တရစပ်ပဲ။ အဲဒီမှာလည်း အနီးအနား တောချုံအုံကြားထဲ ထွက်ပြေးတဲ့သူတွေကို လိုက်ပစ်တော့တာပဲ။’
လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့ဟာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းဓာတ်ပုံ ၅၉ ပုံ၊ ဗီဒီယိုတစ်ခုကို စစ်ဆေးကြည့်ရှုခဲ့ပါတယ်။ အဲဒီမှာတင် ပထမဆုံးအကြိမ် လာရောက်တိုက်ခိုက်မှုမှာ ပေါက်ကွဲအားပြင်း ဗုံးလက်နက်ကို အသုံးပြုခဲ့တဲ့အကြောင်း ကောက်ချက်ချခဲ့ပါတယ်။ ပေါက်ကွဲအား အတိုင်းအဆ၊ အဆောက်အအုံ ပျက်စီးအား ပမာဏတွေ၊ သေသူတွေရဲ့ အသားစ စတဲ့ သက်သေအထောက်အထားတွေကို ကြည့်လိုက်ရင် ပေါ်လွင်ထင်ရှားနေကြောင်း တွေ့ရပါတယ်။
အခုလို မီးလောင်တိုက်သွင်းတဲ့ ပေါက်ကွဲအားပြင်းတဲ့ ဗုံးတွေဟာ သမားရိုးကျ ပေါက်ကွဲအားပြင်းတဲ့ ပစ္စည်းတွေထက် ပိုဆိုးရွားပါတယ်။ နေရာအတော်များများအထိ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်စေတယ်။ ဒါကြောင့် လူနေထူထပ်တဲ့နေရာတွေမှာ အသုံးပြုတဲ့အခါ အဆင်အခြင်မဲ့ အသုံးပြုမှုတွေဖြစ်သွားတတ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
HRW ဟာ လိုင်းပေါ်မှာတင်ထားတဲ့ လက်နက်အပိုင်းအစတွေကို ရိုက်ထားတဲ့ ဗီဒီယိုနှစ်ခုနဲ့ ဓာတ် ပုံ ၈ ပုံကိုလည်း စစ်ဆေးခဲ့ပါသေးတယ်။ ပြီးတော့ NUGရဲ့ ဧပြီ ၁၄ မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တင်ပြခဲ့တာတွေကိုလည်း လေ့လာစစ်ဆေးခဲ့ပါသေးတယ်။ HRWအနေနဲ့ လက်နက် အပိုင်းအစအကုန်လုံးကို သေသေချာချာ ခွဲခြားဖို့တော့ မလွယ်ကူပါဘူး။ ဒါပေမဲ့ တချို့အပိုင်းအစတွေဟာဆိုရင် မြန်မာစစ်တပ်ကအသုံးပြုတဲ့ Mi 35ရဟတ်ယာဥ်ရဲ့ လက်နက်ခဲယမ်းအမျိုးအစားတွေနဲ့ ကိုက်ညီနေတာကိုတွေ့ရပါတယ်။
ဧပြီ ၁၁ ညနေခင်း နိုင်ငံပိုင်မီဒီယာမှာပြောကြားခဲ့တာတွေက မြန်မာစစ်တပ်ဟာ ပဇီကြီးကျေးရွာအတွက်တာဝန်ရှိကြောင်း ပေါ်လွင်သွားပါတယ်။ အဲ့ဒီမှာ စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းဟာ သူတို့အနေနဲ့ PDFအဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ PDF တွေရဲ့ ခဲယမ်းမီးကျောက်သိုလှောင်ရုံကို ထိမှန်လို့ လူတွေသေဆုံးခဲ့ရကြောင်း ပြောခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကတော့ အဲ့ဒီသတ်ဖြတ်ခံရသူတွေဟာ ပဇီကြီးဒေသခံတွေသာ ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ အဲ့ဒီသေဆုံးသူတွေအနက် အသက် အငယ်ဆုံးဟာ ၆ လသား ကလေးအရွယ်ဖြစ်ပြီး အသက်အကြီးဆုံးကတော့ ၇၆ နှစ်ဖြစ်ကြောင်း ဆိုပါတယ်။ မေလ ၅ ရက်အထိ အဲ့ဒီတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ သေဆုံးသူပေါင်း ၁၆၈ ဦးရှိကြောင်း NUGဘက်က ထုတ်ပြန်ပါတယ်။ HRWအနေနဲ့တော့ အဲ့ဒီအပေါ်သီးခြား အတည်မပြုနိုင်ပါဘူး။
နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေအရ မြန်မာနိုင်ငံလို ပြည်တွင်းပဋိပက္ခတွေမှာ စစ်တိုက်သူတွေဟာ အရပ်ဘက်နဲ့ စစ်ရေးပစ်မှတ်တွေကို ခွဲခြားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပစ်ခတ်မှုတွေရဲ့ ပစ်မှတ်တွေဟာ စစ်ရေးဆိုင်ရာတွေသာဖြစ်ရပြီး အရပ်သားနဲ့ အရပ်ဘက်ပစ္စည်းတွေ အတတ်နိုင်ဆုံး ထိခိုက်ဆုံးရှုံးမှုနည်းအောင် ဖြစ်နိုင်သမျှ ကြိုတင်ကာကွယ်မှုတွေ လုပ်ကြရပါမယ်။ အခြေအနေပေးရင်ပေးသလို တိုက်ခိုက်မယ့်အကြောင်း ကြိုတင်သတိပေးရပါမယ်။
ရန်သူတွေ၊ ရန်သူ့လက်နက်ခဲယမ်းတွေ ရှိနေချိန်မှာဆိုရင် အဆောက်အဦတစ်ခုဟာ တရားဝင်စစ်ရေး ပစ်မှတ်ဖြစ်လာပါတယ်။ ဒါတောင်မှ အဲ့ဒီလိုနေရာမျိုးကို ဖျက်အားပြင်း လက်နက်တွေကို အသုံးပြုလိုက်လို့မရပါဘူး။ ဘာလို့လဲဆိုရင် အရပ်သားလူနေထူထပ်တဲ့ နေရာဖြစ်နေမယ်ဆိုရင် အဲ့ဒီလိုတိုက်ခိုက်ခြင်းဟာ အရပ်သားတွေရဲ့ သေဆုံးနှုန်းကို လျှော့မချနိုင်လို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ထွက်ပြေးတဲ့အရပ်သားတွေအပေါ် လိုက်လံ တိုက်ခိုက်မှုဟာဆိုရင်လုံးဝကိုမမျှတတဲ့ တိုက်ခိုက်မှုဖြစ်ပါတယ်။ ဒါဟာ အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာတွေပဲ ဖြစ်ပါတယ်။
သိလျက်နဲ့ဖြစ်စေ၊ မဆင်မခြင်ပေါ့ဆမှုကြောင့်ပဲဖြစ်စေ ရာဇဝတ်မကင်းတဲ့ရည်ရွယ်ချက်နဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာဟာ စစ်ရာဇဝတ်မှုပဲဖြစ်တယ်။ စစ်ရာဇဝတ်မှုဆိုရာမှာ အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ဖြစ်စေ၊ လက်လွတ်စပယ်နဲ့ဖြစ်စေ၊ အရပ်သားတွေအပေါ် အကျိုးထက် အပြစ်များသွားစေမယ့်နည်းနဲ့ဖြစ်စေ၊ တနည်းနည်းနဲ့ ပြုလုပ်တဲ့တိုက်ခိုက်မှုတွေပါဝင်သလို တခြားသောပြစ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်တာပဲဖြစ်ပါတယ်။ စစ်ရာဇဝတ်မှု ကျူးလွန်ရန်အားထုတ်ရင်ဖြစ်စေ၊ စစ်ရာဇဝတ်မှုကျူးလွန်ရာမှာကူညီရင်၊ ထောက်ပံ့ရင် အဲ့ဒီလို လုပ်တဲ့သူ ဘယ်သူဆိုပြစ်မှုကြောင်းအရ တာဝန်ရှိပါတယ်။ သူ့တပ်ဖွဲ့ဝင်တွေရဲ့ အလွဲသုံးစား လုပ်မှုတွေကို သိခဲ့ (သို့မဟုတ်) သိထားပြီးသားဖြစ်သင့်တဲ့ တပ်မှူးတစ်ယောက်ဟာလည်း အဲ့ဒီ အလွဲသုံးစားမှုတွေအတွက် ထိုက်သင့်တဲ့ အရေးယူဆောင်ရွက်မှုမရှိဘူးဆိုရင် တပ်မှူးမှာလည်း တာဝန်ရှိမှာဖြစ်ပါတယ်။
စစ်ပွဲဥပဒေတွေကိုချိုးဖောက်တဲ့အတွက် တာဝန်ခံရမယ့် မြန်မာစစ်တပ်ဟာ မကြာသေးခင်ကလည်း တိုက်ခိုက်မှုတွေ ထပ်ပြီးကျူးလွန်သွားပါသေးတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေထဲမှာ အရပ်သား ၉ ဦးသေဆုံးခဲ့တဲ့ ဧပြီ ၁၀ ရက်က ချင်းပြည်လေကြောင်းတိုက်ခိုက်မှု၊ အရပ်သား ၃ ဦးသေဆုံးခဲ့တဲ့ ပဲခူးတိုင်းက မေလ ၂ ရက် လေကြောင်းတိုက်ခိုက်မှုတို့ပါဝင်ပါတယ်။
ဧပြီ ၂၁ ရက်ကလည်း မကွေးတိုင်းမှာ စစ်တပ်ရဲ့ ကြည်းကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း ဂျပန်နိုင်ငံကလှူဒါန်းထားတဲ့ ဆေးရုံတစ်ရုံ မီးလောင်ခဲ့ပါတယ်။ မတ်လတုန်းကလည်း ရှမ်းပြည်နယ်က မြို့တစ်မြို့မှာ အရပ်သား ၂၂ ဦးအသတ်ခံရပြီး ကျန်သူတွေကိုလည်း ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ဖြစ်စဥ်ရှိခဲ့ပါတယ်။
မေလ ၉ ရက်ကနေ ၁၁ ထိကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ ASEANအနေနဲ့ စစ်တပ်ဆီ ငွေစီးဆင်းမှုဖြတ်တောက်ဖို့၊ ပြုပြင်ရေးတွေလုပ်ရန် မြန်မာစစ်တပ်ကို ဖိအားပေးဖို့ စတဲ့အကြောင်းတွေကို ဆွေးနွေးဖို့ကောင်းပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UNSC) အနေနဲ့လည်း သူ့ရဲ့ ဒီဇင်ဘာလက ဆုံးဖြတ်ချက်နဲ့ မတ်လမှာ ထပ်လုပ်ခဲ့တဲ့ နောက်ဆက်တွဲ အကျဥ်းချုပ်တွေကိုပါ လိုက်နာသင့်ပါတယ်။ ဒါ့အပြင် စစ်တပ်ကို နောက်ထပ်ကျူးလွန်မှုတွေ ထပ်မလုပ်နိုင်အောင် တားမြစ်မယ့်အစီအမံတွေပါဝင်တဲ့ ဆုံးဖြတ်ချက်အသစ်တစ်ရပ်ကို ချမှတ်နိုင်ဖို့အတွက်လည်း အရေးတကြီး ထည့်သွင်းစဥ်းစားရမှာဖြစ်ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်အသစ်မှာ လက်နက်တင်သွင်းမှုပိတ်ဆို့တာ၊ မြန်မာ့အရေး ICC ကိုလွှဲပြောင်းပေးတာ ၊ စစ်တပ်ထိပ်တန်းအရာရှိတွေနဲ့ စစ်တပ်ပိုင်ကုမ္ပဏီနဲ့ ပတ်သက်ပြီး ပစ်မှတ်ထား အရေးယူဆောင်ရွက်တာတွေ ပါဝင်ဖို့လိုအပ်ပါတယ်။
HRW ရဲ့ အာရှရေးရာဒါရိုက်တာ အီလိန်းပီယာဆန်က ''မြန်မာစစ်တပ် အခုလို ရက်စက် ယုတ်မာနေနိုင်တာဟာ လက်နက်နဲ့ အခြားပစ္စည်းတွေကို ဝယ်ယူခွင့်ရနေလို့ဖြစ်ပါတယ်''လို့ ပြောပါတယ်။
ဒါ့အပြင် ASEAN နဲ့ UNSC အနေနဲ့လည်း သူတို့ရဲ့ ရေပေါ်အရုပ်ရေးတဲ့ ချဥ်းကပ်နည်းတွေကို ပြန်စဥ်းစားပြီး ဒီထက်ပိုအားကောင်းတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ကြဖို့ လိုအပ်နေပါပြီ''။
(နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW)က ရေးသားထားတဲ့ Myanmar: Enhanced Blast Strike Likely War Crime သတင်းထုတ်ပြန်ချက်ကို ဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြထားခြင်းဖြစ်သည်။)
HRW