မုန်တိုင်းဒဏ်သင့်ထားတဲ့ ရခိုင်ပြည်နယ်က ကျောင်းသားကျောင်းသူတွေအားလုံး ကျောင်းအပ်နှံနိုင်စေဖို့နဲ့ ကျောင်းတက်နိုင်စေဖို့ ဘာအခက်အခဲမှမရှိအောင် လုပ်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးကနေ သိရပါတယ်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တဝန်း ထိခိုက်ပျက်စီးမှုတွေ များပြားခဲ့ရာ အဲ့ဒီအထဲက အခြေခံပညာကျောင်းတွေ၊ အဆင့်မြင့်ပညာသင်ကျောင်းတွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
လာမယ့် မေ ၂၃ ရက်နေ့မှာ စစ်ကောင်စီက ကျောင်းအပ်နှံရေးသီတင်းပတ် စတင်ပြုလုပ်မယ်လို့ ကြေညာထားတာကြောင့် မုန်တိုင်းဒဏ်သင့်ထားတဲ့ ရခိုင်ပြည်နယ်က ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းအပ်နှံရေး သီတင်းပတ်မှာ ကျောင်းအပ်နှံနိုင်ကြဖို့နဲ့ ကျောင်းတက်ဖို့ အခက်အခဲမရှိစေဖို့ တင်ပြဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ကျောင်းအပ်ဖို့ စာရွက်စာတမ်း အထောက်အထားတွေ ပျက်စီးတယ်ဆိုရင်လည်း အနီးစပ်ဆုံး ဖြစ်မယ့် ထောက်ခံချက်ဖြစ်ဖြစ် မနှစ်ကတက်ထားတဲ့ ကျောင်းက အထောက်အထားတွေနဲ့ ကျောင်းအပ်နိုင်ဖို့ တင်ပြဆောင်ရွက်ထားပါတယ်။ ပြီးတော့ မုန်တိုင်းသင့်ပြီး ဒုက္ခရောက်နေတဲ့ ကလေးတွေအတွက်လည်း ထောက်ပံ့မှုတွေ ပိုမိုလုပ်ဆောင်ဖို့ လမ်းညွှန်ထားတာတွေ ရှိပါတယ်။”
လက်ရှိ ရခိုင်ပြည်နယ်မှာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့ ကျောင်းတွေကို ပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်နေပြီး ကျောင်းတွေကတော့ အလုံးစုံပျက်စီးတာမျိုးမရှိဘဲ အမိုးမရှိတော့တာနဲ့ ကျောင်းထဲကို ဒီရေနဲ့အတူ နုန်းတွေဝင်လာတာတွေကို ပြန်လည်သန့်ရှင်းရေး လုပ်ဆောင်နေရတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အလုံးစုံပျက်စီးတဲ့ကျောင်း ရှိပါကလည်း တင်ပြခိုင်းထားပြီး အဲဒီကျောင်းက ကျောင်းသားကျောင်းသူတွေကို ဘုန်းတော်ကြီးကျောင်း၊ သာသနိက အဆောက်အဦတခုခုမှာ ကျောင်းအပ်နှံနိုင်ဖို့ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ကျောင်းဆောင်တည်ဆောက်မှုမပြီးခင် ယာယီကျောင်းဆောင်တွေမှာ တက်ရောက်နိုင်ဖို့ ဆောင်ရွက်ပေးမယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၅ ခုနှစ်ကလည်း ရေလွှမ်းမိုးမှုဖြစ်ခဲ့ပြီး ပညာရေးအဆောက်အအုံ ၆၀၀ ကျော် ရေလွှမ်းခံရကာ ၂၀၀ ကျော် ပျက်စီးခဲ့ပြီး ဒီနှစ်ဖြစ်တဲ့ မုန်တိုင်းကြောင့် ဘယ်လောက် ပျက်စီးတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။