မေ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) ရဲ့ နောက်တန်းဌာနချုပ်စခန်း အပါအဝင် ရဲဘော်စခန်းတွေ ပျက်စီးခဲ့ပြီး အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။
ပျက်စီးမှုတွေမှာ တပ်စိတ်အဆောင် ၃ ခု၊ မိန်းကလေးအဆောင် ၁ ခုနဲ့ ရုံးအဆောက်အဦက အမိုးလန်ပြီး စာရွက်စာတမ်းတွေ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
“ကျနော်တို့အဖွဲ့အစည်းကို ပြည်သူလူထုဘက်ကလည်း တတ်နိုင်သလောက် ကူညီပေးကြပါ” လို့ CDF-Asho ရိက္ခာတာဝန်ခံ ကိုခူမီးက ဒီဗွီဘီကို ပြောပါတယ်။
အဆောင်တွေက ပျက်စီးပေမဲ့ ပြန်ဆောက်လို့ရပြီး မီးသီးနဲ့ မိုးကာတွေ အဓိကလိုအပ်နေကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၃ သိန်းကျော်တယ်လို့ သိရပါတယ်။
မေ ၁၄ ရက်က မိုခါမုန်တိုင်း တိုက်ခတ်လို့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာရှိတဲ့ တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ အိမ်ပေါင်း ၇၇၃ လုံး ပျက်စီးခဲ့ပါတယ်။