ကရင်နီ (ကယား) ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေက ကလေးငယ်တွေ ပညာဆက်လက်သင်ကြားနိုင်ဖို့ ၂ နှစ်အတွင်း စာသင်ဆောင် ၉ ဆောင်အထိ ပြည်တွင်းပြည်ပက အလှူရှင်တွေကိုယ်စား ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ Clean Yangon တာဝန်ရှိသူတယောက်က ပြောပါတယ်။
“တောထဲတောင်ထဲမှာ ပညာသင်ကြားနိုင်ဖို့ စေတနာ့ဝန်ထမ်းတွေက ကြိုးစားပေးနေကြတယ်။ ဒီလိုကြိုးစားမှုကို ဝိုင်းဝန်းပံ့ပိုးတဲ့အနေနဲ့ရော ကလေးတွေ အမိုးအကာ လုံခြုံစွာ ပညာသင်ကြားနိုင်ဖို့အတွက် အဓိကထားပြီး စာသင်ဆောင်တွေ ဆောက်လုပ် လှူဒါန်းနေတာပါ။”
စာသင်ဆောင်တွေကို စစ်ဘေးရှောင်ပြည်သူတွေ အများဆုံးရှိတဲ့ လုံခြုံမှုရှိမယ်ထင်ရတဲ့ နေရာတွေမှာ ဆောက်လုပ်ပေးတာလို့ ဆိုပါတယ်။
စာသင်ကျောင်းတွေမှာ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ တခြားလိုအပ်တဲ့ အရာတွေကိုလည်း အလှူရှင်တွေကိုယ်စား ကူညီပေးတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်စခန်း အများစုမှာ ကလေးငယ်တွေ ပညာရေးနှောင့်နှေးမှာစိုးလို့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ ဖွင့်ကြပြီး ကျောင်းသားအရေအတွက် ၁၀၀ ကျော်ကနေ ၅၀၀ ကျော်ထိရှိတဲ့ စာသင်ကျောင်းတွေလည်း ရှိတာကြောင့် စာသင်ဆောင် လိုအပ်နေတဲ့ နေရာပေါ် မူတည်ပြီး ဆောက်လုပ်ပေးတာလို့ သိရပါတယ်။