မွန်ပြည်နယ်၊ သထုံမြို့နယ် စုပေါင်းရုံးကို မေ ၁၅ ရက် မွန်းလွဲ ၁ နာရီလောက်က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သထုံမြို့ လေယာဉ်ကွင်းဟောင်းအနီးရှိ စုပေါင်းရုံးကို ရှော့တိုက်ဒုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လူထိခိုက်သေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။
ရှော့တိုက်ဒုံး ၂ လုံးထဲက တလုံး လေယာဥ်ကွင်းဟောင်းဘေး ဓာတ်တိုင်ကို ထိမှန်ခဲ့သလို နောက်တချက်လည်း အဲဒီဓာတ်တိုင်အနီးမှာ ထပ်မံပေါက်ကွဲခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့က ပစ်ခတ်တာလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
အခုဖြစ်စဥ်မှာ စစ်ကောင်စီဘက်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်တာလို့ ပြောဆိုထားပေမဲ့ သက်ဆိုင်ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
အဆိုပါ မြို့နယ်စုပေါင်းရုံးမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်တွင်းအခွန်ဦးစီးဌာနတွေ တည်ရှိတဲ့ ရုံးနေရာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃ ရက် မွန်းလွဲပိုင်းကလည်း သထုံမြို့ အောက်ကျင်းရပ်ကွက်၊ အလယ်လမ်းမကြီးရှိ သထုံခရိုင် လ.ဝ.ကရုံး မီးရှို့ဖျက်ဆီးခံရပါတယ်။