ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဝင်ရောက် တိုက်ခတ်နေတဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုခါ (MOCHA) ဟာ ကုန်တွင်းပိုင်း ဝင်ရောက်ပြီးနောက် မုန်တိုင်း အမြီးပိုင်း ရိုက်နေတဲ့အတွက် ညသန်းခေါင်ယံ အချိန်ထိ မုန်တိုင်း ဆက်ရှိနေမယ်လို့ မိုးလေဝသ စောင့်ကြည့်သူတွေက ခန့်မှန်းပြောဆိုပါတယ်။
စစ်တွေမှာ ဝင်ရောက် တိုက်ခတ်နေတဲ့ မုန်တိုင်းဟာ တနာရီကို မိုင် ၁၀၀ ကျော်နှုန်း တိုက်ခတ်နေပြီး မုန်တိုင်း အမြီးပိုင်းမှာ လေပိုပြင်းကာ မုန်တိုင်းဒီလှိုင်းက ၁၀ ပေကျော်လောက်အထိ ရောက်နိုင်တာကြောင့် ဒီကနေ့ မေ ၁၄ ရက် ညအချိန်မှာ အန္တရာယ်အရှိဆုံး အနေထား ဖြတ်ကျော်ရမယ်လို့ မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်က ပြောပါတယ်။
“မုန်တိုင်းက ဗဟိုကုန်းတွင်း ဝင်သွားပြီးတော့ အနောက်ပိုင်း အမြီးပိုင်းက ရိုက်လာပြီ။ အခု အမြင့်ဆုံး ကျနော်တို့ ခန့်မှန်းထားတဲ့ ပင်လယ်ဒီလှိုင်း (၃.၁ မီတာ) ၁၀ ပေ ကျော်ကျော်လောက် ရှိတဲ့ ပင်လယ်ဒီလှိုင်းက အတားအဆီး မရှိဘူး အပြည့်ဝင်မယ်။ အချိန်ကလည်း ညသန်းခေါင်လောက်ထိ အမြီးပိုင်းရိုက်တဲ့ ဒဏ်ကြီးက ဆက်သွားမှာဆိုတော့ မှောင်လည်း မှောင်သွားပြီ။ အန္တရာယ်လည်းများပြီ။ လေကလည်း ပိုပြီး ပြင်းပြီ။ အမြီးပိုင်းက ဒီမုန်တိုင်း ဒီရေ ရိုက်လာတဲ့ အနေအထားကလည်း များတယ်ဆိုတော့ ပိုပြီး အန္တရာယ်ရှိတဲ့ အနေအထား ရောက်လာပြီ။ ဒါက အခုလောလောဆယ် လက်ရှိ မုန်တိုင်း ဖြစ်နိုင်တဲ့ အခြေအနေပါ”လို့ မိုးလေဝသ သုတေသီ ဦးဝင်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။
ညသန်းခေါင်ယံကျော်သွားရင် ကမ်းရိုးတန်းမှာ တိုက်ခတ်နေတဲ့ မိုခါ မုန်တိုင်းဟာ ရခိုင်ရိုးမနဲ့ ချင်းတောင်တန်းကို ကျော်ပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်အထိ ကုန်တွင်း မုန်တိုင်းအနေနဲ့ တဖြည်းဖြည်း ဆက်ရွေ့သွားမယ်လို့ ခန့်မှန်းထားပါတယ်။
ကုန်တွင်းမုန်တိုင်း တိုက်တဲ့အခါ လေပြင်းတိုက်နှုန်းက တနာရီ မိုင် ၇၀ နှုန်းလောက် တိုက်နိုင်ပြီး လေပြင်းအနေနဲ့ မြေလတ်ဒေသ စစ်ကိုင်း၊ မုံရွာ၊ မကွေးတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း ဒေသတွေကို တိုက်နိုင်ပြီး နောက်ထပ် အန္တရာယ်များတာတခုက ၂၄ နာရီအတွင်း မြန်မာနိုင်ငံ ဒေသအချို့မှာ မိုးသည်းသည်းထန်ထန် ရွာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
မကွေးတိုင်းထဲက စေတုတ္ထရာ၊ ဆော၊ ပေါက်နဲ့ ထီးလင်း စတဲ့ နေရာတွေမှာ ၂၄ နာရီတွင်း မိုးရေချိန် ၁၆ လက်မအထိ ရွာဖို့ရှိပြီး မကွေးတိုင်း ဂန့်ဂေါနဲ့ စစ်ကိုင်းတိုင်း မင်းကင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကဆည်၊ ချင်းပြည်နယ် ကလေးဘက်တွေမှာ မိုးရေချိန် ၅ လက်မကနေ ၈ လက်မလောက်အထိ ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်း ဝင်ရောက်နေစဉ် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း အနောက်ခြမ်း၊ ဧရာဝတီတိုင်း အနောက်ခြမ်း အဲဒီဒေသတွေမှာ လေပြင်းတိုက်တာ၊ မိုးများတာ ဆက်ရှိနိုင်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာလည်း မိုးများနိုင်သလို ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မလောက် ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မိုခါ မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက် ရေကြီးမြေပြို တာတွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ မြေပြိုမှု အန္တရာယ်နဲ့ ကမ်းရိုးတန်း တလျှောက် မြစ်ချောင်းအင်းအိုင်တွေနား နေထိုင်သူတွေ ရေကြီးရေလျှံ သတိပြုကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။