မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ နွေရာသီ သောက်သုံးရေ အရှားပါးဆုံး ကျေးရွာတခုဖြစ်တဲ့ ဘူးကုန်းကျေးရွာက ရေကန်ကြီးကို ရေနံ့သာဒင်းဂါး ညီနောင်များအဖွဲ့က ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ တူးဖော်ပေးနေပါတယ်။
ရေနံ့သာဒင်းဂါး ညီနောင်များအဖွဲ့ရဲ့ ဦးဆောင်သူ ကိုဒင်းဂါးက “ဘူးကုန်းကန်က အရင်က ရေနံချောင်းမြို့နယ်ထဲက အကြီးဆုံးကန်ထဲမှာပါပြီး ရေက ၁၂ ရာသီရနေတယ်။ အခုကျတော့ ကန်ကြီးကို ဂရုမစိုက်ကြတော့ ကောသွားတာကြောင့် ကျနော်တို့က ၁၂ ရာသီ ရေနေအောင်လို့ အလှူရှင်တွေရဲ့ လှူဒါန်းထားတဲ့ ငွေကြေးတွေနဲ့ အနည်းဆုံး သိန်း ၁၀၀ ကျပ်လောက် ကုန်ကျခံကာ တူးဖော်ပေးနေတာ” လို့ ပြောပါတယ်။
အဲဒီရွာဟာ ရေနံချောင်းမှာ အဆင်းရဲဆုံး ကျေးရွာတရွာဖြစ်ပြီး စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းလည်း မရှိသေးကြောင်း၊ စက်ရေတွင်းရှိပေမဲ့ ဆီ ၅၀,၀၀၀ ကျပ်ဖိုးလောက်ကို ၁၀ ပေပါလောက်သာ ထွက်တဲ့အတွက် တပေပါကို ၅,၀၀၀ ကျပ်လောက် ကုန်ကျတာကြောင့် အခုလို တူးဖော်ပေးတာလို့ ဆိုပါတယ်။
ရေကန်တူးဖော်ပေးလိုက်တာကြောင့် ကျေးရွာ ၁၀ ရွာလောက်ဟာ နွေရာသီမှာ စက်ရေတွင်းတွေ ပျက်စီးသွားရင်တောင် ဒီကန်ကြီးမှာ ရေ ၁၂ ရာသီ ကားတွေ၊ လှည်းတွေနဲ့ လာတိုက်လို့ရပြီလို့ ကိုဒင်းဂါးက ပြောပါတယ်။
“အခုနောက်ပိုင်း ကျနော်တို့ အညာဘက်က ရွာတွေက စက်ရေတွင်းတွေ အလွယ်တကူ ပေါ်လာတော့ ရေကန်တွေကို တန်ဖိုးမထားတော့ဘူးဗျ၊ ပစ်ထားကြတာ။ အခုကျတော့ ရေကန်တွေကို ပစ်ထားတဲ့ အကျိုးကျေးဇူးကို ပြန်ပြီးခံစားနေရတာ။”
ရေနံချောင်းမြို့နယ်မှာ စက်ရေတွင်းတွေ တူးဖော်ထားပေမဲ့ ကျေးရွာ ၁၀ ရွာမှာ ၅ ရွာလောက်က စက်ရေတွင်းပျက်တာတွေ၊ စက်သုံးဆီစျေးနှုန်း မြင့်တက်တာတွေကြောင့် သောက်သုံးရေ ရှားပါးမှုပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။