ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးနဲ့ ခိုလမ်မြို့နယ်ထဲမှာ မေလ ၈ ရက် မနေ့ညနေပိုင်းက မိုးသက်လေပြင်းကျပြီး ပရဟိတကျောင်းတိုက်နဲ့ ဘုန်းကြီးကျောင်းခေါင်မိုးတွေ လန်ထွက် ပျက်စီးကုန်ပါတယ်။
လင်းခေးမြို့နယ်ထဲမှာ မနေ့ညနေ ၄ နာရီနဲ့ ၅ နာရီကြား လေပြင်းတိုက်ခတ်တဲ့အတွက် ဝမ်ဟတ်တိုက်နယ် မကျိုင်းမွန်းကျေးရွာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းက ကိုရင်လေးတွေအဆောင်၊ ကုဋီနဲ့ ရေချိုးခန်းခေါင်မိုးတွေ အချပ်လိုက်ကော၊ တပြင်လုံးပါ လွင့်ထွက်ပျက်စီးကုန်တယ်လို့ ဘုန်းကြီး ၁ ပါးက ဒီဗွီဘီကို မိန့်ပါတယ်။
“မနေ့က ညနေ ၄ နာရီကျော်နဲ့ ၅ နာရီကြားမှာ တိုက်သွားတာပါ။ မိုးရေနည်းနည်းပါတယ်၊ မိုးသီးတော့မရှိဘူး၊ အဓိကက လေပြင်းတိုက်တာပါပဲ။ ကိုရင်လေးတွေနေတဲ့ ကျောင်းဆောင်ရယ်၊ ဇရပ်ရယ်၊ သိမ်ရယ်၊ ကုဋီရယ် ခေါင်မိုးတွေ လွင့်ထွက်ကုန်တယ်။ ဆုံးရှုံးမှုတန်ဖိုးက ကျပ်သိန်း ၁၇၀ လောက်ရှိမယ်လို့ ခန့်မှန်းတယ်။”
အဆိုပါ ပရဟိတကျောင်းတိုက်မှာ သံယာအပါးပေါင်း ၁၂၀ ရှိပြီး ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကလည်း မြေငလျင်ဒဏ် ခံရတဲ့အတွက် ပင်မကျောင်းဆောင် ပျက်စီးခဲ့တာကို ပြင်ဆင်လို့မှ မပြီးသေးခင် အခုလို လေပြင်းဒဏ် ထပ်ပြီးခံရတာလို့ ဆိုပါတယ်။
မနေ့ညနေပိုင်းမှာပဲ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ခိုလမ်မြို့မှာလည်း မိုးသက်လေပြင်းတိုက်ခတ်ပြီး ရပ်ကွက် ၂ ထဲက သီရိမင်္ဂလာကျောင်းတိုက် ဆွမ်းစားဆောင် ခေါင်မိုးတွေ လန်ထွက်ကုန်တယ်လို့ အဆိုပါကျောင်းတိုက်ရှိ ဦးပဥ္စင်း၁ ပါးက မိန့်ပါတယ်။
“လေက တော်တော်ပြင်းတယ်၊ မိုးရေနဲ့ မိုးသီးနည်းနည်းပဲကျတယ်။ ဦးပဥ္စင်းတို့ ဆွမ်းစားကျောင်းဆောင် ခေါင်မိုးရော တုတ်တန်းတွေရော အကုန်ပျက်စီးတယ်။ ခေါင်မိုးက သွပ်ပြား အချပ် ၃၀ ကျော် လွင့်သွားတယ်။ တချို့က ကျောင်းတိုက်ကြီးရဲ့ စောင်းတန်းကို သွားထိပြီး စောင်းတန်းပျက်စီးတာရှိတယ်။ မနေ့က ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၈၀ လောက် ရှိမယ်လို့ ခန့်မှန်းတယ်။”
ဒါ့အပြင် ခိုလမ်မြို့ရှိ ခရစ်ယာန်ကျောင်းလည်း လေပြင်းဒဏ်ခံရပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရဘူးလို့ ဆိုပါတယ်။
လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်ထဲမှာ မေလ ၇ ရက် နေ့လယ် ၂ နာရီလောက်ကလည်း လေပြင်းတိုက်ပြီး အမှတ် ၄ ရပ်ကွက် အထက(ခွဲ) စာသင်ကျောင်းနဲ့ နေအိမ် ၂ လုံး၊ နားလွယ်ရွာက နေအိမ် ၂ လုံး ပျက်စီးခဲ့သလို ထင်းရှူးမြိုင်ရွာက ဂေါ်ရခါးဘုရားကျောင်း အုတ်တံတိုင်းလည်း ပြိုကျပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။