စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ မေ ၆ ရက် ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးသူများပြားနိုင်တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့ MBT ကနေသိရပါတယ်။
မနေ့ ညနေ ၄ နာရီကျော်လောက်က စစ်ကောင်စီစစ်ကြောင်းကို သနပ်ကုန်ရွာ တံတားနားမှာ လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ MBT ရဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြော ပါတယ်။
“ကျောက်ရစ်ရဲစခန်းက အင်အား ၅၇ ယောက်လောက်နဲ့ သွားခေါ်တာ။ အဲဒီစစ်ကြောင်းကို သနပ်ကုန်ရွာ တံတားနားကစောင့်ကြိုတိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီဘက်က ၂၀ ယောက် လောက် သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရခဲ့တယ်”
တိုက်ခိုက်မှုကို MBT၊ PSF၊ MGN 9 Star၊ RBDFနဲ့ မဟာမိတ်တပ်ရင်း တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ မြင်းခြံကျားနက်တပ်ဖွဲ့ MBT ရဲ့အပြောသာရှိပြီး သီးခြား အတည် မပြုနိုင် ပါဘူး။
မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း သရက်ကွရွာမှာရှိတဲ့ စစ်ကောင်စီတပ်ကို မေ ၅ ရက် ညနေ ၃ နာရီခွဲက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပခုက္ကူမြို့နယ် ပကဖ က သိရပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးသူရှိနိုင်ပေမဲ့ အရေတွက်အတိကျမသိရသေးတာကြောင့် ဆက်လက်စုံစမ်းနေတယ်လို့ ပခုက္ကူပကဖရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အတီးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ညီနာင်မဟာမိတ်တပ်ဖွဲ့ကရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ပြောပါတယ်။ မေ ၄ ရက် မနက်ပိုင်းကလည်း မြိုင်မြို့နယ်မှာ ပခုက္ကူပကဖအပါဝင် ပူးပေါင်းတပ်ဖွဲတွေက စစ်ကောင်စီကားတစီးကို တိုက်ခိုက်ခဲ့လို ထိခိုက်သေဆုံးသူများပြားနိုင်တယ်လို့ ပခုက္ကူပကဖက သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို သီးခြားအတည်မပြုနိုင်ခြင်းလည်း မရှိပါဘူး။