Home
မြန်မာသတင်း
ရိုဟင်ဂျာသတင်းဖြင့် ရိုက်တာသတင်းဌာနက လူ့အခွင့်အရေးထိပ်တန်းသတင်းဆုရရှိ
DVB
·
May 3, 2023
Human Rights Press Award

မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ စုံစမ်းဖော်ထုတ်ရေးသားခဲ့တဲ့ ရိုက်တာသတင်းဌာနကို  နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ထိပ်တန်းသတင်းဆုတဆု ရွေးချယ်ပေးအပ်ကြောင်း ကြေညာပါတယ်။

HRW အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ တီရာနာ ဟာဆန်က “ဒီဆုတွေက အာရှမှာ ကျမတို့ခေတ်ရဲ့ အရေးအပါဆုံး ပြဿနာတချို့ကို မီးမောင်းထိုးပြနေတဲ့အတွက် သတင်းထောက်တွေကို အသိအမှတ်ပြုပါတယ်။ ထူးထူးခြားခြား ခက်ခဲတဲ့ အခြေအနေတွေမှာ လုပ်ဆောင်လေ့ရှိတဲ့ ဒီလိုသတင်းစာပညာမျိုးဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ဖို့ မရှိမဖြစ်လိုအပ်ပြီး ဒီလို ရဲရင့်တဲ့ သတင်းထောက်တွေအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်” လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီးတော့ စုံစမ်းဖော်ထုတ်ပြီး အင်္ဂလိပ်ဘာသာနဲ့ သတင်းထုတ်လွှင့်ခဲ့တာအတွက်  ရိုက်တာသတင်းဌာနကို ဆုပေးအပ်ခဲ့တာလို့ ဆိုတယ်။

ရိုက်တာသတင်းအဖွဲ့သားတွေဟာ သူတို့ရဲ့ ဒေသတွင်း အသိပညာ အဆက်အသွယ်တွေကို အသုံးချပြီးတော့ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေအောက်မှာ ဖော်ထုတ်တွေ့ရှိခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ဖြိုခွင်းမှုအစီအစဉ်နဲ့ အကြီးအကျယ် ဖျက်ဆီးမှုတွေကို မီးမောင်းထိုးပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုနှစ်အတွက် ဆုတွေကိုတော့ HRW အဖွဲ့နဲ့ အရီဇိုးနားပြည်နယ်တက္ကသိုလ်က ဝေါ်လ်တာ ခရွန်ကိုက်ထ် သတင်းစာပညာကျောင်းနဲ့ လူထုဆက်ဆံရေးပညာဌာနတို့က စိစစ်ရွေးချယ်ခဲ့ကြတာ ဖြစ်ပြီး စက်ရပ်သတင်း၊ ဓာတ်ပုံ၊ မှတ်တမ်းရုပ်သံ၊ စုံစမ်းဖော်ထုတ်သတင်း၊ အသံနဲ့ မာလ်တီမီဒီယာဆုတွေ အပါအဝင် သတင်းဆုအမျိုးအစား ၁၆ ခုအထိ ပါဝင်နေကာ နိုင်ငံပေါင်း ၃၃ နိုင်ငံက ဆုအတွက် တင်သွင်းမှု ၄၀၆ ခုထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခု ၂၀၂၃ ခုနှစ် လူ့အခွင့်အရေးဆိုင်ရာ သတင်းဆုတွေထဲမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေ အပါအဝင် ဟောင်ကောင်မှာ ကြုံတွေ့ရတဲ့ ကိုဗစ်-၁၉ ရောဂါ ၅ ကြိမ်မြောက် ကူးစက်မှုလှိုင်းနဲ့ အာဖရိကကျောင်းသားတွေကို လူကုန်ကူးတဲ့ သတင်းတွေလည်း ပါဝင်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024