မြန်မာနိုင်ငံမှာ အကျဉ်းထောင်ပေါင်း ၃၀ ကျော်ရှိပါတယ်။ ထောင်တွေက တိုင်းပြည်တခုအတွက် အခြေအနေတခုအထိ လိုအပ်တဲ့အရာဖြစ်ပေမဲ့ ထောင်တွေက ပြစ်မှုတစုံတရာကျူးလွန်သူတွေ၊ ရာဇဝတ်သား လူဆိုးလူမိုက်အတွက်နေရာသာ ဖြစ်သင့်တာပါ။ ဒါပေမဲ့မြန်မာနိုင်ငံမှာတော့ ကိုလိုနီခေတ်အပြီး လွတ်လပ်ရေးရကတည်းက အာဏာရတဲ့သူက အတိုက်အခံကို ဖမ်း၊ မတည့်တဲ့သူကိုဖမ်း၊ သူ့ခုံကို လုမယ့်သူကိုဖမ်း၊ ပုဒ်မတပ် ထောင်ချတာတွေနဲ့ ထောင်တွေကို တလွဲအသုံးချလာတာ ခုထိပါပဲ။ လက်ရှိအခြေအနေကိုပဲကြည့်လိုက်ပါ၊ မြန်မာနိုင်ငံမှာ လူလာဖြစ်ရတာကိုက လူဖြစ်ရှုံးနေပြီ၊ မတရားတာကို မပြောရ၊ ငြိမ်နေပါ၊ မကြိုက်တာကို မကြိုက်ခွင့်မရှိ၊ မတရားသဖြင့် အာဏာယူထားတာကို မနှောင့်ယှက်ရ၊ နိုင်ငံရေးမလုပ်ရ၊ လုပ်တဲ့သူ ထောင်ထဲမှာသွားနေရမယ်၊ ထောင်ကျမယ်၊ အဲ့ဒါတွေလုပ်သူအားလုံးက ရာဇဝတ် သားတွေထက်တောင် ဆိုးဆိုးရွားရွား ဆက်ဆံခံရတာပါ။
ထောင်ထဲမှာလည်း နိုင်ငံရေးလုပ်ပြီး ရောက်လာတဲ့သူတွေကို ထောင်အာဏာပိုင်က ကိုယ်တိုင် ကိုယ်ကျ ဖိနှိပ် နှိပ်စက်သလို၊ ထောင်ထဲက လူဆိုး လူမိုက်တွေကနေတဆင့် ရိုက်ခိုင်းတာ၊ ပုံစံ ထိုင်ခိုင်းတာ၊ မဖြစ်နိုင်တဲ့ အလုပ်ကြီး၊ အလုပ်ကြမ်းတွေ လုပ်ခိုင်းပြီး နှိပ်ကွပ်နေသလို၊ ထောင်ကျနိုင်ငံရေးအကျဉ်းသားရဲ့အိမ်တွေကနေ ငွေကို ပုံစံအမျိုးမျိုးနဲ့ တောင်းယူတာတွေလည်း လုပ်နေပါတယ်။
ပြည်အကျဉ်းထောင်ထဲက ဂတ်စတာပိုများ
အခုနွေဦးတော်လှန်ရေးခေတ်ဦးမှာပဲ ပြည်အကျဉ်းထောင်ထဲမှာ တဖြည်းဖြည်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေ များများလာတော့၊ အဆောင်ကြီးတဆောင်မှာ စုထားဖို့ စီစဉ်ရတော့တာပေါ့။ အဲ့ဒီမှာ ထောင်အာဏာပိုင်တွေက နိုင်ကျဉ်းတွေကို ထောင်ထဲမှာ ဘယ်လိုထားမလဲ ဆိုပြီး စဉ်းစားပုံ ၂ မျိုးလောက်ရှိတယ်။
ပထမတမျိုးက နိုင်ကျဉ်းတွေကို ရိုးရိုးအကျဉ်းသားတွေနဲ့ ရောထားပြီး၊ ရိုးရိုးအကျဉ်းသားတွေ ထောင်ထဲမှာ နေသလိုမျိုး၊ ထောင်ထဲရောက်တာနဲ့ ပုံစံခန်းကြေးအရင်ပေးရမယ်၊ ပြီးရင် ပုံစံ အမောင်းမခံရအောင် ငွေပေးရမယ်၊ ပြီးရင် အချုပ်ထောင် ရောက်ရင်တခါ အခန်းကြေးပေးရမယ်၊ ကျဆောင်ရောက်ရင်တခါ အခန်းကြေးပေးရမယ်၊ နောက်ပြီး အလုပ်ကြီးဘုတ်မှာ နေရာရဖို့ ငွေပေးရမယ်၊ မိလ္လာမခပ်ရဖို့ငွေပေးရမယ်၊ ထောင်ထဲက တန်းစီးတွေ အစောင့်အရှောက်ရဖို့ ငွေပေးရမယ်၊ ထောင်ထဲမှာ အစစအရာရာ အဆင်ပြေဖို့ ငွေပေးရမယ် စတဲ့ ထောင်တွင်းထုံးစံတွေ အားလုံးကို နိုင်ကျဉ်းတွေ လုပ်ခိုင်းပြီး ရိုးရိုးရာဇဝတ် အကျဉ်းသားတွေလိုပဲ ထားမယ့်ပုံစံ။
နောက်တမျိုးက နိုင်ကျဉ်းတွေပဲ သီးခြား ထားမယ့်ပုံစံ။ အဲ့လိုထားခြင်းအားဖြင့် ထောင်ထဲက လူအချင်းချင်း နှိပ်စက်တာ၊ ရိုက်နှက်တာ၊ လူမဆန်အောင်ခိုင်းတာ၊ တရားမဝင် ငွေကြေးတောင်းတာ၊ ထောင်ထဲမှာ မူးယစ်ဆေးဝါး ရောင်းတာစတဲ့ကိစ္စတွေကို နိုင်ကျဉ်းတွေကိုမသိစေချင်တဲ့အတွက် သီးခြားထားတာ။ နိုင်ကျဉ်းတွေ သိသွားခဲ့ရင် အပြင်ရောက်တာနဲ့ နိုင်ကျဉ်းတွေက ဖေါ်ထုတ်ကြမှာကိုစိုးရိမ်ကြတာ။ အဲ့ဒီတော့ သူတို့ကိုသီးခြားထားပြီး သူတို့ကိုထားတဲ့နေရာကို တခြားအကျဉ်းသားတွေ သွားခွင့်မပြု၊ နိုင်ကျဉ်းတွေကလည်း သူတို့ကိုထားတဲ့နေရာကနေ တခြားထွက်ခွင့်မပြုပေါ့။ ပြည်ထောင်မှာက ဒုတိယနည်းကိုသုံးကြတယ်။ သီးခြားထားတယ်။ ဒါပေမဲ့ ထောင်ထဲမှာ အုပ်ချုပ်တဲ့ ထောင်မှူးတွေရဲ့ ညံ့ဖျင်းမှုကြောင့်၊ ကူးလူးဆက်ဆံမှုတွေကို မဟန့်တားနိုင်ဘဲ ပြည်ထောင်ထဲက ဇာတ်လမ်းတွေ အပြင်ရောက်လာခဲ့တော့တာပေါ့။
ပြည်ထောင်မှာကလည်း ခုနအပေါ်ကရေးပြသလို ထောင်ထဲစရောက်ကတည်းကနေ လွတ်တဲ့အထိ ကိုယ့်စရိတ်နဲ့ ကိုယ် ထောင်ကျသလိုပါပဲ။ ပြည်ထောင်ကို နိုင်ငံရေးအကျဉ်းသားတယောက်အနေနဲ့ စရောက်တော့၊ အခုအသစ်ဆောက်ထားတဲ့ ၂ ထပ် အဆောင်သစ်ကြီးမှာထားတာ။ အဲ့ဒိနေရာကအရင်က ကြိုးစင်ထားတဲ့နေရာကို ဆောက်ထားတာ။ ၂ ထပ်မှာ အပေါ် ၄ ခန်း၊ အောက်မှာ ၄ ခန်းရှိတယ်။ အပေါ် ၄ ခန်းနဲ့ အောက်တခန်းမှာ နိုင်ကျဉ်းတွေထားပြီး အောက်ကကျန်တဲ့ ၃ ခန်းမှာက ထောင်ကျ ဘုတ်ကိုင်တွေ၊ ထောင်ကျရုံး ၊မိန်းဂျေးနဲ့ ဖိုကြီးတွေမှာ အလုပ်လုပ်သူအများစုကိုထားတယ်။ ရိုးရိုးအကျဉ်းသားအနည်းငယ်ပဲ အဲ့ဒိအဆောင်မှာ ထားတယ်။ အဲ့ဒါကလည်း အဆောင်သန့်ရှင်းရေး တောင်ယာ၊ မိလ္လာလုပ်ခိုင်းဖို့ထားတာ။ မနက်မိုးလင်း တန်းဖွင့်တာနဲ့ ထောင်ကျရုံး၊ မိန်းဂျေး၊ ဖိုကြီး အလုပ်လုပ်မယ့်သူတွေ ထွက်သွားရင် သူတို့ပဲကျန်ခဲ့ပြီး အဆောင်ဝင်းထဲက အလုပ်မှန်သမျှ သူတို့ပဲ လုပ်ရတာကြောင့် သူတို့ကိုလည်း အဲ့ဒိအဆောင်မှာ ထားရတာ။
အဆောင်မှာက အခန်းတခန်းကို လူ ၄၀ ကျော်ကနေ ၈၀ လောက်အထိထားပြီး မိလ္လာသွားဖို့ ရေလောင်းအိမ်သာ ၄ လုံးစီရှိတယ်။ အဲ့ဒိ မိလ္လာတွေအတွက် အဆောင်ဘေး တဖက်တချက်တွေမှာ ဆားဗစ်ကန် ၂ ကန်ဆီ ရှိတယ်။ ကန်တွေကလည်း သေးသေးတိမ်တိမ်လေးတွေပဲ၊ တဆောင်လုံး လူ ၅၀၀ ကျော်လောက်ဆိုတော့ တရက်ခြားလောက်ကို မိလ္လာကပြည့်တာ။ အပြင်မှာ အဖမ်းအဆီးကနေ့တိုင်းလိုလိုလုပ်နေတာကြောင့် နိုင်ကျဉ်းတွေများလာတော့ သူတို့ စပြီးပညာပြဖို့ လုပ်လာတယ်။ ပထမတုန်းက မိလ္လာခပ်တဲ့သူတွေအတွက် ကော်ဖီမစ်၊ ကွမ်းနဲ့ အစားအသောက် နည်းနည်းစီ ထည့်ပါဆိုပြီးအလှူခံတော့ ပေးလိုက်ပါသေးတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ ဈေးနှုန်းတက်လာတယ်။ ဘယ်လောက်ပေးမှရမယ် မပေးနိုင်တဲ့သူတွေ ကိုယ့်အခန်းအတွက် ကိုယ့်ဟာကို ခပ်ဆိုပြီး အဆင့်တက်လာတယ်။ ဘယ်သူက ခပ်ချင်မလဲ။ မိလ္လာခပ်တယ်ဆိုတာက ခုနကပြောတဲ့ ဆားဗစ်ကန်ထဲကို ဝါးလုံးနဲ့အရင်မွှေရတယ်။ မွှေပြီး ပုံးနဲ့ခပ်ပြီး မြောင်းထဲကိုသွန်ရတာ။ အဲဒီမြောင်းက အကျဉ်းသားတွေ ရေချိုးတဲ့ရေတွေ စီးဆင်းဖို့လုပ်ထားတာ။ အဲ့ဒီမြောင်းကနေပဲ ထောင်ထဲက တောင်ယာစိုက်ပျိုးသူတွေက ခပ်ပြီး အပင်တွေကိုရေလောင်းရတာ။ မိလ္လာနဲ့ ချိုးရေရောထားတဲ့ရေတွေကို အပင်တွေကိုလောင်းတာ၊ အဲ့ဒိရေမြောင်းက ထောင်အပြင်က ရပ်ကွက်မြောင်းတွေထဲကို ဆက်စီးပေါ့။ အနီးအနားက ရွှေကူရပ်ကွက်နဲ့ ရွှေလက်လှရပ်ကွက်တွေ ထဲအထိ မိလ္လာအနံ့က နံတုန်းပဲလို့ ရပ်ကွက်တွေကပြောကြတယ်။ အစိုးရအဆက်ဆက်သာပြောင်းသွားတယ် ထောင်ထဲက မိလ္လာကို လူနဲ့ လက်နဲ့ ပုံးကိုကိုင်ပြီးခပ်ရတာ။ အပင်တွေကိုလောင်းရတာကို မပြောနဲ့ ရပ်ကွက်ထဲက အများသုံး စည်ပင် ရေမျောင်းတွေထဲကို အညစ်အကြေးတွေ လွှတ်နေတာကိုတောင်မှ မဟန့်တားနိုင်ခဲ့ဘူး။ ထောင်ထဲမှာ လူအားနဲ့ မိလ္လာခပ်ခိုင်းနေတာကတော့ ခေတ်အဆက်ဆက်ကနေ ဒီနေ့အထိ လုပ်ခိုင်းနေတုန်းပါပဲ။
ခုနကထောင်ထဲက ဇာတ်လမ်းကိုဆက်ရရင်၊ မိလ္လာခပ်ခ ဈေးတက်လာပြီး မပေးနိုင်ရင် ကိုယ့်ဟာကိုယ် ခပ်ရမယ် ဆိုတော့၊ တက်ဈေးအတိုင်းပေးရတော့တာပေါ့။ နောက်မကြာဘူး အလှည့်နဲ့ ထောင်ကျအကျဉ်းသားတွေ အကုန်ခပ်ရမယ်ဆိုပြီး အမိန့်ထွက်လာတော့တာပေါ့။ အဲ့ဒိလိုအမိန့်တွေကို ထောင်ဝန်ထမ်းက ကိုယ်တိုင်လာပြောတာမဟုတ်ဘူး။ ထောင်ကျအကျဉ်းသား တန်းစီး ဆိုသူတွေကလာပြောတာ။ သူတို့က အဲ့လိုမျိုးတွေ လာပြောရင် နောက်လိုက်နောက်ပါ လူမိုက်တွေခြံရံပြီးမှ လာပြောတာ။ တခုခုပြန်ပြောရင် တခုခုလုပ်တော့မယ့်ပုံနဲ့၊ မင်းတို့လည်း ချေးမပါလို့လား ကိုယ်ပါတာကို ကိုယ်ခပ်ကြပေါ့တဲ့။ လူမိုက်ကတော့ လူမိုက်စကားပဲပြောတာပေါ့။ အဲ့ဒိတော့မှ ကိုယ်တွေထဲက နိုင်ကျဉ်းလူကြီးတချို့ တိုင်ပင်ပြီး၊ ထောင်မှူးနဲ့တွေ့ဆုံခွင့်တောင်းပြီး ကိုယ်တွေအဆောင် ၃ စလုံးရဲ့ မိလ္လာကို လူအားနဲ့ ဘယ်သူမှ မလုပ်ရအောင် စက်ဝယ်လှူမယ်၊ ရေမြုပ်ပန့်တွေ ဝယ်ပေးမယ်ပေါ့၊ အဲ့ဒိ ပန့်နဲ့ပဲ စုပ်ထုတ်မယ်ဆိုရင် နောက်ဘယ်သူမှ မိလ္လာမခပ်ရတော့ဘူးပေါ့။အဲဒိမှာ ပြည်ထောင်က ၂ ပွင့်နဲ့ ထောင်မှူးကြီး ကျော်နိုင်ဝင်းက ပထမတော့ အဲလိုလုပ်လို့မရပါဘူးတဲ့။ အဲ့ဒါနဲ့ ကိုယ်တွေလှူတယ်ဆိုတာကိုလည်း အမည်မခံပါဘူး ဆိုတော့လည်းမရဘူး။ ဒါဆိုရင် Over ပိုက်တပ်ပေးမယ်၊ သူ့ဟာသူ Over ကနေ မြောင်းထဲ စီးစေဖို့ကိုပြောတော့လည်း မရပါဘူး။
အဲ့ဒိတော့ ကိုယ်တွေက နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တဲ့အတွက် အရင်ခေတ်တွေကတည်းက မတရားမှု၊ မမျှတမှုတွေအတွက် တောင်းယူညှိယူလို့မရရင် တိုက်ယူရမှာပဲ။ ကိုယ်တွေ မခပ် နိုင်ကြောင်းကို အရင်တိုက်မယ်။ နောက်တော့တထောင်လုံး မိလ္လာမခပ်ရေးအတွက် ဆက်တိုက်ပွဲဝင်ရမှာပဲလို့ပြောလိုက်တော့မှ သူက အစကတည်းက အခုလိုစက်တွေ တပ်ဆင်ပြီး လုပ်လို့ရတာ သိသားပဲတဲ့။ ဒါပေမဲ့ ထောင်ထဲမှာက အကျဉ်းသားတွေက တခုမဟုတ် တခုခုကို အလုပ်လုပ်နေမှ ဘာအလုပ်မှ မလုပ်ရင် တခုမဟုတ်တခု ဖြစ်တတ်တယ်၊ ရန်ဖြစ်တယ်တယ်၊ ပြဿနာတက်တတ်တယ်တဲ့။ ဒါကြောင့် ခင်များတို့ဝယ်ပေးမယ့် ရေမြုပ်ပန့် တတ်ဆင်ခွင့်မပြုတာတဲ့၊ အကျဉ်းသားတွေပဲ ဆက်လုပ်ရမယ်လို့ ပြောပြီး ပြန်သွားတယ်။
ရာဇဝတ်မှုကို ချွေးနဲ့ပြန်ဆပ်ရမယ်
ထောင်တွေမှာက လူ့စွမ်းအားအရင်းအမြစ်တွေက အလကားရနေပြီး၊ အသုံးကျအောင်၊ နှစ်ဦးနှစ်ဖက် အသုံးဝင်အောင် ဘာမှမစီမံ တတ်ကြဘူး။ ထောင်ထဲရောက်လာသူတွေက အပြစ်ကျူးလွန်ထားသူတွေ ဘာအခွင့်အရေးမှ တောင်းဆိုခွင့်မရှိဘူး၊ ရာဇဝတ်မှုအတွက် ချွေးနဲ့ပြန်ဆပ်ရမယ်ဆိုပြီး အခိုင်းခံရမယ်၊ အလုပ်လုပ်ရမယ်၊ ဘာလုပ်ခမှ မမျှော်လင့်နဲ့၊ ခိုင်းတာမလုပ်ရင် ပြစ်ဒဏ်ပေးခံရမယ်၊ တိုက်ပိတ်ခံရမယ် ဆိုတာပဲ ထောင်ဝါဒါတွေက နားလည်တယ်။
တကယ်လို့ အလုပ်မလုပ်ဖူးလို့ငြင်းခဲ့ရင် ထောင်ဝါဒါက တရားဝင် တိုက်ပိတ် အရေးယူတဲ့အဆင့် မရောက်ခင်မှာပဲ။ ဝါဒါတွေမွေးထားတဲ့ တန်းစီးလူမိုက်တွေရဲ့ လက်ချက်နဲ့ပဲ ထောင်ထဲမှာ အသက်ပျောက် သွားနိုင်တယ်။ ရှိသမျှအရိုးတွေ ကျိုးကြေသွားမယ်။ ဆေးကုပေးလိမ့်မယ်မထင်နဲ့ ဒီအတိုင်းပြစ်ထားလိုက်မှာ။ အဲ့ဒိလိုမျိုးက ထောင်တွေမှာ အခုအထိ ကျင့်သုံးနေဆဲပါပဲ။
ယင်ကောင်ဖမ်းပွဲ
ထောင်တွေမှာက အကျဉ်းသားတွေ ဒီအတိုင်းအားမနေရအောင် အလုပ်တွေ လုပ်ခိုင်းထားကြတယ်။ တောင်ယာဘုတ်မှာတာဝန်ကျသူက တောင်ယာမြေနေရာလေးရဖို့ကို အဲ့ဒိနေရာမှာ တာဝန်ကျတဲ့ ထောင်ဝါဒါကို ပိုက်ဆံပေးရတယ်။ ပြီးတော့မှ အဲ့ဝန်ထမ်းအကူအညီနဲ့ အပြင်ကနေ ရေထမ်းပုံး၊ ပေါက်ပြား၊ မျိုးစေ့၊ ပိုးသတ်ဆေးဝယ်ခိုင်းရတယ်။ အဲ့လိုဝယ်ပေးတော့လည်း သူကအမြတ်တင်သေးတယ်၊ ဝယ်ခယူသေးတယ်။ အဲ့ဒိတော့မှ စိုက်ပျိုး၊ စိုက်ပျိုးပြီး ပထမဆုံးထွက်လာတဲ့သီးနှံကို ထောင်ပိုင်ကြီး၊ ထောင်ပိုင်လေး၊ ထောင်မှူးတွေကို အရင် ပို့ရတယ် ပြီးမှ ဖိုကြီးကို နည်းနည်းပို့ပြီးတော့မှ ကျန်တာကို ရောင်းစား၊ လဲစားပေါ့။
အဲ့လိုပါပဲ တခြား အလုပ်ကြီးဘုတ်တွေ အားလုံးလိုလိုမှာ အဲ့ဒိအတိုင်းပဲ အပြင်မှာ လျှပ်စစ်ကျွမ်းကျင်တဲ့သူက ထောင်ထဲရောက်ရင် ပလာယာ၊ ဝက်အူလက်၊ Tester၊ မီးကပ်တိတ်၊ လိုအပ်တဲ့ဟာ ကိုယ့်ဟာကိုယ်ဝယ်ပြီးရင် ဘယ်အဆောင်မှာ မီးချောင်းကျွမ်းလို့ဆိုပြီး အကြောင်းကြားတာနဲ့ သူ့ဂွင်ပဲ၊ မီးချောင်းတချောင်းက ဘယ်လောက်၊ တပ်ဆင်ခက ဘယ်လောက်ဆိုတာကို သူယူတယ်။ အပြင်ကနေဝန်ထမ်းနဲ့ဝယ်ခိုင်းတယ်။ ဝန်ထမ်းက ဝယ်ယူပေးခရတယ်။ သူကတပ်ဆင်ပေးခရတယ်။ မီးချောင်းကလည်း ထောင်ကထုတ်မပေးနိုင်ဘူး။ အခန်းက လူတွေကပဲ စုဝယ်ရတာ။ စက်ချုပ်တတ်သူ၊ ဆေးဝါးကျွမ်းကျင်သူ၊ ဆရာဝန်၊ အကုန်လုံးက ထောင်ထဲမှာ နေရာစုံကိုသွားလာခွင့်နဲ့ အလုပ်လုပ်ပြီး ပိုက်ဆံရှာခွင့်တွေရဖို့အတွက် သက်ဆိုင်ရာ ဝါဒါတွေ ကိုပိုက်ဆံပေးရတယ်။ သူတို့လည်းအဆင်ပြေ၊ ဝန်ထမ်းလည်းပိုက်ဆံရပေါ့၊ အဲ့လိုမဟုတ်ပဲ ဘာမှ မလုပ်တတ်သူတွေနဲ့ ငွေမတတ်နိုင်သူတွေအဖို့ကတော့ အလကားနေရင် အုတ်ခဲတွေ ဟိုဘက်ကနေ ဒီဘက်ကို သယ်ခိုင်းတယ်။ နောက်တဖွဲ့ကို သယ်ထားပြီးသားအုတ်ခဲပုံကို မူလ နေရာပြန်သယ်ခိုင်းတယ်။ ထောင်ဝါဒါတွေရဲ့အဝတ်အစားတွေ လျှော်ဖွတ်၊ မီးပူတိုက်ပေးရတယ်။ နေရာအစုံကနေ အမှိုက်တွေ ကောက်ခိုင်းတယ်။ နောက် မိန်းဂျေးမှာရှိတဲ့ ချစ်ကိုကြီး ( လမ်းကြိတ်စက်ဘီးအလတ်စားလေး)ကို လူအားနဲ့ လှိမ့်ပြီး လမ်းတွေကိုကြိတ်ခိုင်း၊ လှိမ့်ခိုင်းပြီး နေပူထဲမှာတနေကုန် ခိုင်းတာ။
နောက်ပြီးယင်ကောင်ဖမ်းခိုင်းတာ၊ လူတယောက်ကို တနေ့ ယင်ကောင် ဘယ်နှစ်ကောင် ဖမ်းရမယ်ဆိုပြီး ခိုင်းတာ။ အဲ့ဒါကလည်း နောတော့ဈေးကွက် တခုတောင်ဖြစ်လာတယ်။ ယင်ကောင် ၁၀ ကောင်ကို ကော်ဖီ တထုပ်၊ ဆေးလိပ် ဘယ်နှစ်လိပ် စသဖြင့် ရလာတော့ ယင်ကောက်အလုအယက် ဖမ်းကြတော့တာပေါ့။ ထောင်ထဲမှာ ကြွတ်ကြွတ်အိတ်နဲ့လုပ်ထားတဲ့ ယက်တောင်တချောင်းနဲ့ ယင်ပေါတဲ့နေရာတွေကိုရှာ၊ ယင်ရိုက်ပြီး ကိုယ့်ရဲ့ ကိုတာပြည့်ရင် ရောင်းစားကြတာပေါ့။
အရင်တုန်းတော့ ပြည်ထောင်မှာ အပြင်ကနေ ပဲဒိုင်တွေကနေ ပဲယူပြီး ရေတညစိမ်ပြီး ပဲကြီးထွတ် ရတယ်။ တနေကုန်ထိုင်ထွတ်ရတာ လက်တွေပါ ပဲကြီးစေ့လို့ နူးမွနေတဲ့အထိ လုပ်ရတာ၊ အပြင်က ဒိုင်တွေကလည်း ထောင်ထဲကို လုပ်ခိုင်းရတာအပြင် ထပ်ဈေးသက်သာတော့၊ ထောင်သားကိုပဲ ခိုင်းချင်ကြတာ၊ အဲ့ဒိ ပဲထွတ်ခကတော့ ထောင်ဝန်ထမ်းတွေ ရတာပေါ့။
နိုင်ငံရေးအကျဉ်းသားတွေကိုမေ့ထားကြတယ်
ခုနက မိလ္လာကိစ္စ ကိုဆက်ပါဦးမယ်။ ကိုယ်တွေ နိုင်ကျဉ်းတွေ မိလ္လာ မခပ်ရေးအတွက် တိုက်ပွဲဝင်မယ်လို့ ပြောလိုက်တော့ ထောင်မှူးကြီးက ဘာမှ အ ဖြေမပေးပဲ ပြန်ထွက်သွားခဲ့တယ်။ နောက်တော့ ကိုယ်တွေဘက်ကလည်း ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကို အကြမ်းဖျင်းတော့ တွေးထားရင်း ထောင်ဘက်ကတုံ့ပြန်လာမယ့် အချိန်ကို စောင့်နေခဲ့တာပေါ့။ သူ့ဘက်က ဘာမှ အဖြေမပေးပဲ အရူးကွက်နင်းပြီး ပြန်သွားခဲ့တယ်။ ထောင်တွေမှာက တခုခုဖြစ်လို့ ထောင်ဆူတာတို့ ဘာတို့ဖြစ်ရင် ထောင်ပိုင် အုပ်ချုပ်မှုညံ့ဖျင်းဆိုတဲ့ Remark တခုခု ရခဲ့ရင် သူရာထူးတက်တာတို့ ဘာတို့အတွက် အနှောင့်အယှက်ဖြစ်တယ်၊ အဲဒိတော့ ထောင်အာဏာပိုင်တွေထဲမှာ စဉ်းစားတတ်တဲ့ သူကတော့၊ အခုလိုမျိုး တဖက်ကမရရင် တိုက်မယ်ဆိုတဲ့ စိန်ခေါ်မှုအပေါ်မှာ တွေးမှာပေါ့။ ဒီအတိုင်းထားရင်းနဲ့ အချိန်ဆွဲနည်းနဲ့ ဖြေရှင်းမလား၊ ချက်ချင်းအရေးယူမလား၊ ထောင်ထဲက တန်းစီးတွေနဲ့ ရိုက်ခိုင်းမလား၊ ရိုက်ခိုင်းလို့ တဖက်က ပြန်တုံ့ပြန်ရင် ပွဲကြီးသွားပြီး ထောင်ဆူတဲ့အထိ ဖြစ်မလားပေါ့ အမျိုးမျိုးစဉ်းစားနေရင်းအချိန်ဆွဲနေစဉ်မှာပဲ ကိုယ်တွေထဲက တချို့က မိလ္လာ သွားခပ်နေကြပြီ။ ကြည့်လိုက်တော့ အဆင်မပြေကြသူတွေ၊ ထောင်ဝင်စာ (ပါဆယ်) မလာနိုင်ကြသူတွေ ဖြစ်နေကြတယ်။
အခုတခေါက် ထောင်ကျလာတာက အရင်ခေတ်တွေက နိုင်ငံရေးမှုနဲ့ ထောင်ကျ လာသူတွေနဲ့ မတူကြဘူး။ အရင်တုန်းက ထောင်ကျလာသူတွေက နိုင်ငံအရေးလုပ်သူ၊ နိုင်ငံရေးတက်ကြွ၊ မတရားမှုအတွက်မခံနိုင်သူ၊ နိုင်ငံရေးစိတ်ဝင်စားသူ၊ ပါတီဝင်တွေ၊ ကျောင်းသားတွေဆိုပြီး နိုင်ငံရေးအကျဉ်းသားဆိုတဲ့ လူတန်းစားတရပ်လိုမျိုး ဖြစ်ခဲ့ကြတာ။ ထောင်ထဲမှာ ကိုယ့်အယူအဆ၊ နိုင်ငံရေးနောက်ခံအတွက်သာ ငြင်းကြ၊ ရန်ဖြစ်ကြပေမဲ့ အများစုက ထောင်အာဏာပိုင်နဲ့ တခုခု ဖြစ်ပြီဆိုရင်တော့ ဘုံသဘောတူကြတယ်၊ စည်းလုံးကြတယ်၊ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဂုဏ်ပုဒ်ကို အစွန်းအထင်းမခံကြဘူး။
အခုခေတ်က အဲ့ဒိလိုမဟုတ်ကြဘူး။ အန်အယ်လ်ဒီအာဏာမရလို့ လမ်းပေါ်ထွက် ဆန္ဒပြကြတာ၊ ဆန့်ကျင်ကြတာက အနည်းအပါးတော့ရှိကြပေမဲ့ တကယ်က စစ်တပ်အာဏာသိမ်းတာကို ဘယ်လိုမှ လက်မခံနိုင်ကြတာ၊ စစ်ကျွန်အဖြစ်မခံလိုကြတာ၊ အဲ့ဒီတော့ တနေ့လုပ်တနေ့စားတွေကော၊ နိုင်ငံရေးဘာမှ နားမလည်သူတွေ၊ အရင်က နိုင်ငံရေးစိတ်မဝင်စားသူတွေ၊ လူတန်းစားအစုံ၊ ပါလာကြတာ။ ပါလာတော့ သူတို့လည်း အဖမ်းခံရတော့တာပေါ့။ တချို့ကဘာမှမလုပ်လိုက်ရပဲ ဖမ်းချင်လို့ ဖမ်းလာခဲ့ကြသူတွေလည်း ပါကြတယ်။ အဲ့ဒိတော့ နိုင်ကျဉ်းတွေ ဆိုတာ ဘယ်လိုနေသင့်တယ်၊ ဘယ်လို တည်ဆောက်သင့်တယ်ဆိုတာ သူတို့ဘာမှ စိတ်မဝင်စားဘူး။ အဲ့ဒိတော့ အရင်ကတည်းက ကိုယ့်စရိုက်နဲ့ကိုယ် နေလာကြတော့ ထောင်ထဲရောက်တော့လည်း အဆင်ပြေသလို နေတတ်သလိုနေကြတာ။ တချို့ဆို ထောင်စရိုက်အတိုင်း ပေးမှကမ်းမှ ထောင်ထဲအဆင်ပြေပြေနေလို့ရမယ်။ ပေါင်းမှ သင်းမှ ထောင်ထဲမှာ နေစရာရမယ်ဆိုတဲ့ စိတ်တွေ ရှိနေတော့ သူတို့ကို သွားစည်းရုံးဖို့မဖြစ်နိုင်ဘူး။ ကိုယ်တွေက စီနီယာဆိုပြီးတော့လည်း ဆရာသွားလုပ်လို့မရနိုင်ဘူး။ အဲ့ဒိတော့ နည်းနည်းပါးပါး ပြောဆိုကြည့်တယ်။ မရတဲ့သူကျတော့ ဆက်မပြောရဲတော့ဘူး။
အခုလည်း အဲ့ဒိလိုလူတချို့က ထောင်ထဲမှာ ခိုင်းတာမလုပ်ရင် အမိန့်မနာခံတာပဲ၊ ပုန်ကန်တာပဲဆိုတာကို ကြောက်နေသူတချို့နဲ့ ထောင်ဝင်စာမလာနိုင်သူတချို့ကတော့ ထောင်က ပြန်မခိုင်းသေးပဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် မိလ္လာပြန်ခပ်နေကြရင်း ကိုယ့်ဝေစုအခန်းအတွက် ခပ်ပေးရင်းနဲ့ သူများအခန်းအတွက်ပါ အခကြေးငွေယူပြီး ခပ်နေကြပြီ။
ဘညို