Home
မြန်မာသတင်း
ပြည်တွင်း၌ အပူချိန် မြင့်မားသဖြင့် တောင်ပေါ် ဒေသများကို အပူရှောင်ခရီးထွက်သူများလာ
DVB
·
April 29, 2023
344385313_190772670513050_1854709873097086801_n

ဧပြီလလယ်ပိုင်းကစလို့ ပြည်တွင်းမှာ အပူဒဏ် မြင့်မားတာကြောင့် တောင်ပေါ်ဒေသတွေကို ခရီးသွားလာမှုရှိတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

သင်္ကြန်ကာလအတွင်း ကမ်းခြေဒေသတွေမှာ ခရီးသွားလာမှု အများဆုံးရှိခဲ့ပြီး သင်္ကြန်အပြီး လက်ရှိ အချိန်မှာတော့ ပြည်သူတွေဟာ လျှပ်စစ်မီး မမှန်တာနဲ့ အပူဒဏ် ရှောင်ချင်တာကြောင့် ခရီးသွားလာကြတယ်လို့ ခရီးသွားလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

"တော်တော်များများက ဒီကာလမှာ ဘယ်လိုမျိုး ကျမတို့ကို ဆက်သွယ်လာလဲဆိုတော့ ခရီး မသွားရတာ ကြာပြီ။ ရန်ကုန်မြို့ထဲမှာပဲ နေရတာ ကြာပြီ။ ကြာတော့ မွန်းကျပ်လာပြီ။ ဒီလိုမျိုးလေး ခရီးလေးတခေါက်လောက်တော့ သွားမှရမယ်ဆိုပြီး ပြောလာကြတယ်။ အရမ်းပျော်ပြီး သွားနေကျ ဒီဇင်ဘာလည်းသွား၊ ဖေဖော်ဝါရီလည်းသွား အဲ့လို အမြဲတမ်း သွားနေတာက ရှားသွားပြီ။

"ဘယ်လိုလူတွေ ဝင်လာလဲဆိုတော့ ခရီးမသွားဖြစ်တာကြာတဲ့သူတွေက ဒီမှာနေရတာ အလုပ်အကိုင်တွေကလည်း စိတ်ဖိစီးတယ်။ ရန်ကုန်မြို့ထဲမှာဒါမှမဟုတ် တခြားမြို့က အဲ့လိုလူတွေများတယ်။ ခရီးကို စိတ်ပြေလက်ပျောက် မွန်းကျပ်မှုတွေကနေ သွားချင်တဲ့သူ များပါတယ်။ မဖြစ်မနေ ဆိုတာထက် သူတို့ စိတ်ဖိစီးမှုတွေ ပျောက်ချင်လို့၊ အပူဒဏ်တွေလည်း ရှောင်ချင်လို့ သွားကြတဲ့သူများပါတယ်။ နွေရာသီမှာ ပူတယ်။ မီးကလည်း မမှန်တော့ အများစုက အိမ်မှာ မနေချင်ကြဘူး။ အဲ့တော့ အေးတဲ့ ဒေသ ကလော တောင်ကြီး အင်းလေးဘက်တွေ သွားကြတယ်"လို့ ခရီးသွားလုပ်ငန်းရှင်တဦးက ပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာ ခရီးသွားလို့ရတဲ့နေရာ အကန့်အသတ်ရှိပြီး ပဋိပက္ခ ဖြစ်ပွားမှု နည်းတဲ့ ကမ်းခြေဒေသအပါအဝင် ရှမ်းပြည်နယ် တောင်ကြီး၊ ကလော၊ အင်းလေးဒေသနဲ့ ပြင်ဦးလွင်ဘက်တွေကို အသွားများတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြည်တွင်း ခရီးသွားလုပ်ငန်းဟာ ပုံမှန်အတိုင်းလည်ပတ်နေပြီး သင်္ကြန်ကာလ အပြီး မိုးရာသီမှာ ၆ လလောက် ရပ်ဆိုင်းမယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဆီက သိရပါတယ်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က "ပြည်တွင်းခရီးသွားကတော့ အခုလိုမျိုး ပုံမှန်လောက်လေးနဲ့ပဲ တရိပ်ရိပ်နဲ့ သွားနေမယ့် သဘော ရှိပါတယ်။ ပြည်တွင်း ခရီးသွားကတော့ သင်္ကြန်ကာလခရီးသွားရာသီ ပြီးရင် ပြန်ကျသွားမှာ ဖြစ်တယ်။ တဖြည်းဖြည်းနဲ့ နောင်ပွင့်လင်းရာသီ ရောက်မှပဲ တဖြည်းဖြည်း ပြန်လည်ပတ်လာတာ ဖြစ်ပါတယ်။ ပြည်တွင်းခရီးသွားလုပ်ငန်းက သင်္ကြန်ကာလပြီးရင် ရပ်ဆိုင်းသွားဖို့ ရှိပါတယ်။ ၄ လပိုင်း ၅ လပိုင်းကစပြီး မိုးရာသီဖြစ်တဲ့အတွက် ဒီ ၆ လအတွင်းမှာ ခရီးသည်တွေ နည်းလိမ့်မယ်။ ကြိုတင် ပြင်ဆင်ပြီးတော့ အချို့သော လေကြောင်းလိုင်းတွေလည်း ပြန်လည် ပြေးဆွဲဖို့အတွက် ပြင်ဆင်နေကြပြီ။ ဆိုတော့ အဲဒါဆို ရင် ၂၀၂၃ အောက်တိုဘာဆိုရင် ပြည်ပ ခရီးသွား ဒီထက်ပိုပြီး ဝင်ရောက်မှု များပြားလာပါလိမ့်မယ်။ တရှိန်ထိုး တက်လာပါလိမ့်မယ်။ အခုကတော့ တရိပ်ရိပ်နဲ့ တက်တဲ့ သဘောလောက်ပဲ ရှိပေမယ့် လာမယ့် အောက်တိုဘာလောက်ဆို တက်လာမယ့် သဘောရှိပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

ကိုဗစ်ကာလ မတိုင်ခင် မြန်မာနိုင်ငံမှာ ပြည်တွင်းခရီးသွား အရေအတွက် တနှစ်ကို ၇ သန်းဝန်းကျင် ရှိပြီး၊ မကောက်ခံထားတဲ့ စာရင်းတွေအရ တနှစ်တာအတွင်း ပြည်တွင်းခရီးသွား အရေအတွက် ၁၀ သန်းလောက် ရှိတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဆီက သိရပါတယ်။

ပြည်တွင်း ခရီးသွားလုပ်ငန်းဟာ ကိုဗစ် မတိုင်ခင် ခရီးသွားအရေအတွက် ပြန်ရောက်ဖို့ မလွယ်ဘဲ ၂၀၂၂-၂၀၂၃ အတွင်း ခရီးသွားလာမှုက ကိုဗစ် မတိုင်ခင်ကာလနဲ့ ယှဉ်ရင် ၅ ပုံ ၁ ပုံလောက်သာ ရှိခဲ့တယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ခန့်မှန်း ပြောဆိုကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024