ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး အင်းဝဘဏ်ရှေ့မှာ ဧပြီ ၂၇ ရက် ည ၇ နာရီလောက်က အငှားယာဉ်မောင်းတဦး ဓားထိုးခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကားငှားတဲ့ပုံစံနဲ့ လူ ၃ ယောက်က ကားကိုရပ်ခိုင်းပြီး ကားရပ်ပေးတဲ့အချိန် အငှားယာဉ်မောင်းဆီကနေ လုယက်ခဲ့တာလို့ ပြောပါတယ်။
“ကားငှားသလိုနဲ့ လူ ၃ ယောက်က ကားကိုတားတာ။ ကားရပ်တဲ့အချိန် ယာဉ်မောင်းကို ဓားထောက်ပြီး ပိုက်ဆံအိတ်၊ ဖုန်းတွေကို ဝင်လုလို့ အငှားယာဉ်မောင်းက ပြန်ခုခံတဲ့အတွက် လုယက်သူတွေက ဓားနဲ့ အချက်ပေါင်းများစွာထိုးပြီး ထွက်ပြေးသွားကြတာ” လို့ ဒေသခံတွေက ပြောပါတယ်။
ဓားထိုးခံရတဲ့ အငှားယာဉ်မောင်းကို နီးစပ်ရာ လူမှုကူညီရေးအသင်းကားနဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရာ လမ်းမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့နေရာကို ည ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်နဲ့ လုံခြုံရေး လှည့်ကင်းအဖွဲ့တွေ ရောက်ရှိလာပြီး ဗဟိုလမ်း အောက်ပိုင်းမှာရှိတဲ့ လက်ဘက်ရည်ဆိုင်တွေ အပါအဝင် တခြား မသင်္ကာတဲ့ဆိုင်တွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်သွားတယ်လို့ အနီးအနားမှာ နေထိုင်သူတွေက ပြောပါတယ်။
ကမာရွတ်မြို့နယ်အတွင်း ရပ်ကွက်တိုက်ခန်းနဲ့ လမ်းတွေပေါ်မှာ ခိုးဆိုးလုယက်မှုတွေ ပိုမိုများပြားလာပြီး စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူတွေကို မဖမ်းဆီးနိုင်တဲ့အတွက် တရားဥပဒေစိုးမိုးမှု မရှိတော့တဲ့အပြင် ပြည်သူတွေအနေနဲ့ လုံခြုံမှုမရှိတော့ဘူးလို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။