ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် မြို့မရဲစခန်းမှာ ဧပြီ ၂၆ ရက် ည ၉ နာရီက အချုပ်ခန်းကိုဖောက်ပြီး အချုပ်သားရှစ်ဦး ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အချုပ်ခန်းဖောက်ပြေးသူရှစ်ဦးမှာ ကျောင်းကုန်းမြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေသူတွေ ဖြစ်ပြီး မနေ့ည ၉ နာရီက အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဘယ်လိုဖောက်ပြီး ထွက်ပြေးသွားလဲမသိဘူး။ သတင်းကတော့ ကျောင်းကုန်းမှာပျံ့နေပြီ။ ပြန်မိတယ်လို့ အသံတော့မကြားဘူး။”
ကျောင်းကုန်းမြို့မရဲစခန်းမှ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေအနက် ကျောင်းကုန်းမြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာနှစ်ရွာက အမျိုးသားငါးဦးနဲ့ ကော့မှူးမြို့နယ် သမင်ကျေးရွာနေသူတဦး၊ ညောင်တုန်းမြို့နယ် မဲဇလီကျေးရွာနေသူနှစ်ဦး ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“အမှုကတော့စုံနေတာပဲ၊ ၃၀၂ ပါတယ်၊ ၃၉၄ ပါတယ်၊ ၃၈၀ ပါတယ်။ ရှစ်ယောက်လုံး ပြန်မမိသေးဘူးလို့ ကြားတယ်။”
လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ကျောင်းကုန်းမြို့အဝင်ဂိတ်နဲ့ ကျေးရွာမှာ လိုက်လံရှာဖွေနေသလို ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေကိုလည်း ထွက်ပြေးသူတွေရဲ့ မှတ်တမ်းတွေ ပေးပို့ထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။