YFA အထည်ချုပ်စက်ရုံကို အလုပ်သမားဖြစ်သူက တရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ ခြောက်ကြိမ်မြောက် ရုံးချိန်းအထိ တရားရင်ဆိုင်တာ မရှိခဲ့ဘူးလို့ အဲဒီအလုပ်သမားဘက်က လိုက်ပါကူညီပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ထံက သိရပါတယ်။
အလုပ်သမားဖြစ်သူ မအိပိုပိုလှိုင်က YFA စက်ရုံကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချိုးဖောက်ပြီး အလုပ်ထုတ်လို့ဆိုကာ ရွှေပြည်သာမြို့နယ်မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
အဲဒီတရားစွဲဆိုမှုနဲ့ပတ်သက်လို့ မနေ့ ဧပြီ ၂၅ ရက်က ခြောက်ကြိမ်မြောက်ရုံးချိန်း ခေါ်ယူခဲ့ပေမဲ့ အရင်ရုံးချိန်းတွေလိုပဲ အလုပ်ရှင်ဘက်က ရင်ဆိုင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ STUM တာဝန်ရှိသူက ဆိုပါတယ်။
“အရင်က စက်ရုံပိုင်ရှင်ကို တရားစွဲတာ။ သူက တရုတ်ပြည်ပြန်သွားတယ်။ အဲဒါကြောင့် တရားရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူးဆိုလို့ ပြီးခဲ့တဲ့ရုံးချိန်းမှာ လက်ရှိ စက်ရုံတာဝန်ယူထားသူကို ပြောင်းပြီး တရားစွဲစာရင်း ပြောင်းလိုက်တာ၊ သူကပါ လာတရားရင်ဆိုင်တာ မရှိဘူး။”
အဲဒီလူပြောင်းလဲတရားစွဲဆိုတဲ့ ဆင့်ခေါ်စာကို ပြီးခဲ့တဲ့ စနေနေ့က စက်ရုံကို တရားရုံးက သွားပေးခဲ့တာဖြစ်ပြီး စက်ရုံပိတ်သွားပြီဆိုတဲ့ အကြောင်းပြချက်နဲ့ လက်မခံတာကြောင့် ဝင်းနံရံမှာပဲ ကပ်ထားခဲ့တယ်လို့ တရားရုံးကနေ ပြန်ကြားသိရတယ်လို့ ဆိုပါတယ်။
အခုဆိုရင် တရားစွဲဆိုထားတာ လေးလနီးပါးရှိနေပြီး အကြောင်းထူးခြားမှု မရှိတာကြောင့် တရားစွဲဆိုတဲ့ အလုပ်သမားအတွက် နစ်နာမှုတွေ ဖြစ်လာစေတယ်လို့ STUM တာဝန်ရှိသူက ပြောပါတယ်။
“အခုလို အချိန်ဆွဲနေတာ ရိုးသားမှုရှိမရှိ မပြောနိုင်ပေမဲ့ ကျနော်တို့ကတော့ အမှန်တရားအတွက် အဆုံးထိ လိုက်ပါရင်ဆိုင်သွားမှာ။ ဒါက အလုပ်သမားတွေအတွက် သမိုင်းမှတ်တမ်းဖြစ်နေတာ။”
အရင်ကလည်း အလုပ်သမားက နစ်နာမှုအတွက် တရားစွဲဆိုရင် အချိန်ဆွဲတာ၊ စိတ်ပျက်အောင် ပြုလုပ်ခံရတာတွေ ရှိတာကြောင့် အလုပ်သမားက အလုပ်ရှင်ကို တရားမစွဲချင်တော့ဘဲ ရှောင်လွှဲလိုက်ရတဲ့ဖြစ်ရပ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အခုဖြစ်ရပ်မှာတော့ အလုပ်သမားဘက်က အလျှော့ပေး နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ STUM ကလည်း အသိပေးထားပါတယ်။