Home
မြန်မာသတင်း
ဘားအံမြို့နယ်တွင် လောင်းကစားဝိုင်းများ ပိုမိုများပြားလာ
DVB
·
April 25, 2023
Gambling

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်နဲ့ အနီးအနားက ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေ ပိုမိုများပြားလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဘားအံမြို့ပေါ်မှာညမထွက်ရအမိန့်ကို စစ်ကောင်စီက ထုတ်ပြန်ထားပေမဲ့  လောင်းကစားဝိုင်းတွေ ကတော့ ည ၇ နာရီဝန်းကျင်လောက်ကနေစပြီး မိုးလင်းပေါက်ထိရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဘားအံမြို့အနီးက လှိုင်းဘွဲ၊ ထီလုံရွာမွေးမြူရေးဇုန်၊ ရသေ့ပျံအနီးတဝိုက်၊ ဇွဲကပင်တောင်ခြေ၊ ကျောက်ကလပ်အနီးတဝိုက်၊ ရေတံခွန်အနီးအနားက ကျေးရွာတွေဘက်မှာ‌ လောင်းကစားဝိုင်းတွေ ပိုမိုကျင်းပလာတယ်လို့  ဒေသခံတဦးက ပြောပါတယ်။

“အရင်ကနည်းတယ်၊ တောင်ခြေနားလောက်ပဲ။ အခုက နေရာတိုင်းလိုလို မာရှယ်လောထုတ်ထားလည်း အဲ့ပွဲက လူတွေကို ည ၁၀ နာရီကျော်လို့ အပြင်ရောက်နေတယ်ဆိုပြီး လာတော့ မဖမ်းဘူး။ ပွဲရှိရှိ မရှိရှိ တောင်ခြေဘက်မှာ အမြဲလုပ်နေကြတာလေ။ တခါတလေလည်း ပွဲကရှိတယ်။ ပွဲမဝင်ခင် အာဝါဒေးပွဲတွေက တလလောက်ကြိုပြီးတော့ ရောက်နေတာ။ ပွဲက သုံးရက်လောက်လုပ်ရင် အာဝါဒေးက တလလောက်လုပ်တယ်။”

အဆိုပါကျေးရွာတွေမှာ အရင်က အနီထောင်၊ အန်ဂလုံနဲ့ ဖဲလောင်းကစားတွေသာရှိပြီး အခုနောက်ပိုင်းမှာတော့ ငါးပစ်ဂိမ်းနဲ့ ကလေးတွေအတွက် အန်ဂလုံဝိုင်း အသေးစားတွေပါ ထည့်သွင်းကစားလာကြတဲ့အပြင် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့တွေက လုံခြုံရေးယူထားပေးရတယ်လို့လည်း  ဒေသခံကဆက်ပြောပါတယ်။

“ဒီမှာက ဘယ်အဖွဲ့ကနေပြီး ဦးဆောင်လုပ်တယ်ဆိုတာ မရှိဘူး။ အဲ့မှာ ပွဲကန်ထရိုက်ဆိုတာ ရှိတယ်။ သူက ဆိုင်ရာပိုင်ရာတွေနဲ့ညှိပြီး လုပ်ကြတာ။ ပွဲမှာ BGF နဲ့ တခြားအဖွဲ့တွေပေါ့၊ သူတို့က စောင့်ကြတာ။ တဝိုင်းကို ဘယ်လောက်ဆိုပြီး သူတို့အဖွဲ့တွေကို ပေးရတယ်။ ဘယ်လောက်မြတ်မြတ် ရှုံးရှုံး။ အဲ့ဒါ လုံခြုံရေးအပြည့်ယူပေးတယ် သူတို့က။ တခုခုဖြစ်ရင် သူတို့တာဝန်ယူမယ်ပေါ့။”

ဒါ့အပြင် မြဝတီမြို့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေကာ ညမထွက်ရအမိန့် ထုတ်ထားပေမဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)၊ KNU/KNLA (PC) အဖွဲ့တွေက ဦးဆောင်ပြီးတော့ မြဝတီမြို့ထဲမှာ အာဝါဒေးပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ဆက်လက်ကျင်းပနေပါတယ်။

ဘားအံမြို့မှာ  ၂၀၂၁ ဖေဖော်ဝါရီ ၈ ရက်လောက်ကစပြီး  ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ  အပြင်မထွက်ဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားသလို အခုဧပြီလအတွင်းမှာလည်း ညမထွက်ဖို့ ကားတွေနဲ့ လိုက်ကြေညာတာရှိတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024