မြန်မာနိုင်ငံမှာ အပျက်သဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အတူ လူ့အခွင့်အရေး ယိုယွင်းလာတဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ရေအားလျှပ်စစ်စီမံကိန်း သဘောတူညီချက်ကို အဆုံးသတ်လိုက်ဖို့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက်ကုမ္ပဏီတခုဖြစ်တဲ့ AFRY က ဆုံးဖြတ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ၂၀၂၃ ခုနှစ် မတ်လမှာ ယူအန်ရဲ့ အစီအရင်ခံစာအရ AFRY ဟာ မြန်မာနိုင်ငံနဲ့ ချိတ်ဆက် ဆောင်ရွက်မှုတွေကို ပြန်လည်ဆန်းစစ်သုံးသပ်ခဲ့တယ်လို့ ဧပြီ ၂၁ ရက် ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
AFRY ဟာ မြန်မာနိုင်ငံမှာ တည်ငြိမ်သောစွမ်းအင်စနစ်ကို ကူးပြောင်းဖို့ ရည်ရွယ်ကာ ရေအားလျှပ်စစ်စီမံကိန်းတွေ ဖော်ဆောင်နေတာ အနှစ် ၂၀ ကျော်နေပြီဖြစ်ပြီး ရေအားလျှပ်စစ်စီကိန်း ၃ ခုမှာ ၁ ခု အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာမသိမ်းခင် သဘောတူညီချက် ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် ထပ်မံသဘောတူညီ လက်မှတ်ရေးထိုးတာမျိုး မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လျှို့ဝှက်ပေါက်ကြားလာတဲ့ အခွန်မှတ်တမ်းတွေအရ ဆွီဒင် အခြေစိုက် အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီ AFRY AB ရဲ့ ဆွဇ်ကုမ္ပဏီခွဲဟာ မြန်မာနိုင်ငံက အထက်ရဲရွာနဲ့ အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းတွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ အတိုင်ပင်ခံလုပ်ငန်းအတွက် ဝန်ဆောင်ခအနေနဲ့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၈ သန်း ရရှိခဲ့တယ်လို့ Justice for Myanmar က ပြီးခဲ့တဲ့ မတ်လက ဖော်ထုတ်ရေးသားခဲ့ပါသေးတယ်။ ‘
ဆွီဒင်အခြေစိုက် AFRY ကုမ္ပဏီ အပါအဝင် တခြားကုမ္ပဏီတွေ အားလုံးဟာ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီရရှိတဲ့အချိန်အထိ တခြားကျန်ရှိတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ တာဝန်သိစွာနဲ့ ရပ်ဆိုင်းထားဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုထားပြီးနောက် အခုလို ရပ်ဆိုင်းလာတာလည်း ဖြစ်ပါတယ်။