ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံတာ့ခ်ခရိုင် မဲဆောက်မြို့အထွက်က ဟွေ့ဟင်ဖွန် စုပေါင်းစစ်ဆေးရေးဂိတ်မှာ သခွားသီးတင်ကားပေါ် လိုက်ပါလာပြီး ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား ရွေ့ပြောင်းလုပ်သား ၁၃ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
ဧပြီ ၂၂ ရက် မနက် ၁ နာရီကျော်လောက်မှာ မဲဆောက်မြို့အထွက်က ထိုင်းရဲနဲ့ လဝကတွေ စုပေါင်းစစ်ဆေးနေတဲ့ ဟွေ့ဟင်ဖွန်ဂိတ်မှာ နယ်စပ်လုံခြုံရေးတာဝန် ထမ်းဆောင်နေစဥ် သခွားသီးတွေ တင်ဆောင်လာတဲ့ ကားတစီးကို မသင်္ကာဖွယ် တွေ့ရှိရတဲ့အတွက် စစ်ဆေးရာကနေ ကားအတွင်းထဲမှာ သခွားသီးတွေကို လေးထောင့်ပုံသဏ္ဌာန် နေရာချပြီး အလယ်မှာလိုက်ပါလာတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၁၃ ဦးကို တွေ့ရှိရတာဖြစ်ပါတယ်။
ဖမ်းမိတဲ့မြန်မာနိုင်ငံသားတွေထဲက ၁၂ ဦးမှာ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် ၁ ကနေ တံတားကူးလက်မှတ်ကို ပြုလုပ်လာခဲ့တာဖြစ်ပြီး ကျန်တဦးက တံတားကူးလက်မှတ်မပါဘဲ ဘန်ကောက်မြို့မှာ အလုပ်လုပ်ဖို့အတွက် ပွဲစားနဲ့ လာရောက်ခဲ့တာဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိရတဲ့အတွက် ထိုင်းနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူနိုင်ဖို့ မြန်မာနိုင်ငံသား ၁၃ ဦးနဲ့ ပွဲစားလို့ယူဆရတဲ့ ကားမောင်းသူကို မဲဆောက်ရဲစခန်း ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
အလားတူ ဧပြီ ၂၂ ရက်နေ့မှာပဲ မဲဆောက်မြို့၊ မဟာဝမ်ကျေးရွာမှာ ထိုင်းနိုင်ငံဘက်ခြမ်းကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့မှာလည်း ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင် ဖဟွန်ယိုးထင်းလမ်းမကြီးပေါ်မှာ တရားမဝင် မြန်မာနိုင်ငံသား ၂၃ ဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။