ပဲခူး-ရန်ကုန်လမ်းပိုင်းမှာ စစ်ဆေးရေးဂိတ်တွေ ပိုမိုများပြားလာသလို ကုန်တင်ကားကြီးတွေနဲ့ ခရီးသည်တင်ကားတွေကို စစ်ကောင်စီတပ်က ငွေကြေးကောက်ခံတာတွေကြောင့် ယာဉ်စီးခတွေ စျေးမြင့်တက်လာတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
သင်္ကြန်ကာလနောက်ပိုင်း စစ်ဆေးရေးဂိတ်တွေ ပိုမိုများပြားလာပြီး အဲ့ဒီဂိတ်တွေမှာ လုံခြုံရေး ယူထားတဲ့ စစ်သားနဲ့ရဲတွေက ကုန်တင်ကားကြီးတွေနဲ့ ခရီးသည်တင်ကားတွေကို ငွေကြေး ကောက်ခံနေတာတွေကြောင့် ပဲခူး-ရန်ကုန် ပြေးဆွဲနေတဲ့ လိုင်ကားခ ကျပ် ၃၀၀၀ ကနေ အခု ကျပ် ၅၀၀၀ အထိ စျေးမြင့်တက်လာတာပါ။
အရင်က ပဲခူး-ရန်ကုန် ကားခဟာ လူ တဦးကို ကျပ် ၁၀၀၀ နဲ့ ကုန်ပစ္စည်းတင်ဆောင်ခ ကျပ် ၅၀၀၀ သာရှိခဲ့ရာက အခုအခါ လူတဦးကို ကျပ် ၅၀၀၀ နဲ့ တခြားပစ္စည်းတွေပါရင် ကျပ် ၁၀၀၀၀ ထိပေးနေရတာကြောင့် ရန်ကုန်မှာ စျေးသွားရောင်းဖို့ အဆင်မပြေနိုင်တော့ဘူးလို သင်္ကန်းကျွန်းစံပြစျေးကို နေ့စဥ် ကွမ်းရွက်သွားရောင်းနေတဲ့ စျေးသည်တစ်ဦးက ပြောပါတယ်။
မော်တော်ယာဉ်လိုင်းတွေအနေနဲ့ ယာဥ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်တာမျိုး မရှိပေမဲ့ ရဲနဲ့စစ်သားတွေက ဂိတ်တခါဖြတ်ရင် အနည်းဆုံး ကျပ် ၁၀၀၀ ကနေ ၂၀၀၀ ထိ တောင်းခံတာတွေကြောင့် လိုင်းကားခကို စျေးတင်လိုက်ရတာလို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ သင်္ကြန်ကာလနောက်ပိုင်း လိုင်စင်မဲ့ဆိုင်ကယ်ဖမ်းဆီး တာ၊ ခရီးသည်တင်ယာဥ်ပေါ်မှာပါလာတဲ့ လူငယ်တွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်လာတဲ့ အပြင် မှတ်ပုံတင်မပါတဲ့သူတွေကို ဖမ်းဆီးရိုက်နှက်တာတွေ အရင်ကထက်ပို လုပ်ဆောင်လာ တယ်လို ခရီးသွားပြည်သူတွေဆီက သိရပါတယ်။