ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းအနီးမှာ ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ် ၁ နာရီ ၁၀ မိနစ်လောက်က လောက်စာလုံးခန့်အရွယ်ရှိ မိုးသီးတွေ ကျရောက်ခဲ့တယ်လို့ Job for kayah မှ တာဝန်ရှိသူက ပြောပါတယ်။
“မိုးမရွာဘဲနဲ့ မိုးသီးတွေပဲကျလာတာ။ တနေရာပဲကွက်ပြီး ကျတာ။ မိုးသီးက စစ်ရှောင်စခန်းအကျော်နား ကျတာဗျ။ ဘယ်သူမှ ထိခိုက်မိတာမရှိဘူး။ တဲတွေ ထိခိုက်ပျက်စီးတာတွေလည်း မရှိဘူး။”
မိုးသီးတွေက မိုးမရွာဘဲနဲ့ မိုးအုံ့ပြီး ဒီတိုင်းကို ၁၅ မိနစ်လောက် မိုးသီးတွေကြွေကျကာ စစ်ရှောင်စခန်းအနီးနားမှာတော့ မိုးအုံ့ရုံလောက်ပဲဖြစ်ပြီး အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ရာသီဥတုဖောက်ပြန်မှုတွေ ဖြစ်ပေါ်နေပြီး မတ်လနောက်ဆုံးအပတ်ကစလို့ အပူချိန်လွန်ကဲမှုတွေလည်း ဖြစ်ပေါ်နေကာ အချိန်အခါမဟုတ် ကြီးမားတဲ့ မိုးသီးကျရောက်မှုတွေလည်း ရှိနေပါတယ်။
ဧပြီ ၂၀ ရက်ကလည်း မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရွာသစ်ကျေးရွာအရှေ့ဘက်မှာ မိုးမရွာဘဲ မိုးသီးတွေ ကျရောက်ခဲ့ပါတယ်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ် ၂ နာရီလောက်က မိုးရွာသွန်းပြီး မိုးသီးအလုံးကြီးတွေကျလို့ အပင်တွေ ထိခိုက်ကုန်တယ်လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
“မိုးသီးလုံးတွေက အကြီးကြီးပဲ၊ ကျတော့ အိမ်ကစိုက်ထားတဲ့အပင်တွေတော့ စိစိညက်ညက် ကြေကုန်တာ၊ အပြင်မှာရောက်နေရင်တော့ အတော်နာနိုင်တယ်ဗျ၊ အလုံးတွေက အကြီးကြီးတွေ။”
မိုးရွာသွန်းချိန်မှာတော့ အပူသက်သာပြီး နေလို့ထိုင်လို့ကောင်းပေမဲ့ တနိုင်တပိုင်စိုက်ထားတဲ့ အပင်လေးတွေတော့ မိုးသီးဒဏ်ကြောင့် ပျက်စီးကုန်တယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
မိုးရွာသွန်းမှုကြောင့် နေအိမ်အချို့ ပေါက်ပြဲမှုနဲ့ အပင်တွေ ထိခိုက်ပျက်စီးတယ်လို့ သိရပြီး နေအိမ်ထိခိုက်မှု အရေအတွက်ကိုတော့ ဒီဗွီဘီအနေနဲ့ စိစစ်နေဆဲဖြစ်ပါတယ်။
ဧပြီ ၁၇ ရက်က ဆီဆိုင်မြို့နယ်ရှိ ကျေးရွာတခုမှာ မိုးသက်လေပြင်းကြောင့် နေအိမ် ၃၀ ကျော် ထိခိုက်မိတယ်လို့ သိရပါတယ်။
ဧပြီ ၂၀ ရက်ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်နဲ့ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရွာသစ်ကျေးရွာအရှေ့ဘက်မှာ မိုးသီးတွေကျတယ်လို့ သိရပါတယ်။