ဧပြီ ၁၉ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၁၇ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၉ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာတော့ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို PDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပြီး မုံရွာမြို့နယ်မှာတော့ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်တွေကို PDF တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေက ဒေသခံတွေကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ကြပြီး ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာလည်း အကြမ်းဖက် စစ်ကောင်စီတပ်တွေက ဒေသခံတွေကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာတော့ KNU ယူနီဖောင်းဝတ်ကာ ပုံမှားရိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီကို PDF တို့က တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။
NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။
ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာ ကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။