တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကံမော်ကြီးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အရပ်သား ၈ ဦးထဲက ၃ ဦးကို ဧပြီ ၁၃ ရက်နေ့မှာ ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဒေသခံ ၃ ဦး ပြန်လွတ်လာတာလို့ ဒေသခံတဦးက ပြောပါတယ်။
“ကံမော်ကြီးရွာမှာ ဖမ်းမိတဲ့ ၈ ယောက်ထဲမှ ၃ ယောက် ပြန်လွတ်လာတယ်။ စစ်တပ်ဘက်က နောက်ထပ်စစ်ဆေးမှုတွေ လုပ်နေသေးတယ်။ လွတ်လာတဲ့သူတွေရဲ့ နာမည်တွေတော့ မသိရသေးဘူး။ လွတ်လာတဲ့သူတွေထဲမှာ အသက် ၆၅ နှစ်အရွယ်တဦးနဲ့ အသက် ၃၀ အရွယ် ၂ ဦး ပြန်လွတ်လာတယ်။ ရိုက်နှက်မှုတော့မရှိဘူး။ စစ်ဆေးပြီး ပြန်လွှတ်ပေးတယ်။”
ကျန်ခဲ့တဲ့အရပ်သားတွေကတော့ စစ်ကောင်စီရေတပ်ရဲ့ ကျောက်ထနောင် ရေတပ်စခန်းမှာ စစ်ဆေးခံနေရတယ်လို့လည်း ဒေသခံတွေက ပြောတယ်။
ပြီးခဲ့တဲ့ ဧပြီ ၈ ရက်ကလည်း ဘုတ်ပြင်းမြို့နယ်၊ ကမာချောင်းကျေးရွာမှာ စစ်ကောင်စီက စစ်သုံးဆီရောင်း/ဝယ်ရေးဆီဆိုင်ပိုင်ရှင် ဦးအောင်ဇော်ဦး (ခ) ဇော်ဦးကို ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးကာ ဘုတ်ပြင်းမြို့နယ်၊ မြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ အမှုဖွင်ထားတယ်လို့ သိရပါသေးတယ်။