ကရင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့မတ် ၁ လတာအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲအကြိမ်ရေ ၃၇၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၄၂၀ ကျော် သေဆုံးကာ ၂၅၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNLA က ထုတ်ပြန်ပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၇ ယောက် ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၁ ယောက်ရှိခဲ့ကာ အဲဒီထဲမှာ PDF ရဲဘော်တွေလည်းပါဝင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်း ကရင်လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ကရင်ပြည်နယ်အတွင်းမှာသာမက မွန်ပြည်နယ်နဲ့ တနင်္ဿာရီတိုင်းထဲမှာပါ တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကရင်ပြည်နယ်ရှိ အဓိက နယ်စပ်ကုန်သွယ်ရေးနေရာဖြစ်တဲ့ မြဝတီမြို့နယ် ကုန်သွယ်ရေးဇုန်နဲ့ သင်္ဃန်းညီနောင်ရဲစခန်းတွေကိုလည်း မတ်လကုန်ပိုင်းမှာ KNU/KNLA ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၁၁ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကာ ဒုရဲမှူး၊ တပ်ကြပ်ကြီး၊ တပ်ကြပ်အပါအဝင် ၈ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ပါတယ်။
အခု ဧပြီလအတွင်းမှာလည်း ရွှေကုက္ကိုလ်ဒေသကို ကရင်လက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေ းပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီလက်အောက်ခံ BGF နယ်ခြားစောင့်တပ်တွေ အများအပြားသေဆုံး ဒဏ်ရာရခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း ပြီခဲ့တဲ့ ဖေဖော်ဝါရီလအထိ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကော်သူးလေအုပ်ချုပ်နယ်မြေမှာ တိုက်ပွဲပေါင်း ၈၀၃၈ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်ပေါင်း ၆၈၇၆ ဦးသေဆုံးကာ ၅၅၁၉ ဦးဒဏ်ရာရခဲ့တယ်လို့လည်း ကေအန်ယူ ဗဟိုက ထုတ်ပြန်ထားပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်တပ်က ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြရာမှာ ဒေသခံ ပြည်သူ့ကာ ကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။
PHOTO-COBRA