Home
မြန်မာသတင်း
လားရှိုးမြို့ ဗဟိုဏ္ဍပ်အနီး သင်္ကြန်အကြိုနေ့ ဗုံးပေါက်ကွဲ လူသေဆုံးမှုရှိ
DVB
·
April 13, 2023
L22
L2
l1
L11
larsh

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အဝင် မုဒ်ဦးအနီး၊ ရန်တိုင်အောင်ဗဟိုမဏ္ဍပ်ရဲ့ မလှမ်းမကမ်းရှိ ယာဉ်ရပ်နားရာနေရာမှာ ဧပြီ ၁၃ ရက် ဒီကနေ့ နေလယ်ပိုင်း သင်္ကြန်အကြိုနေ့မှာ ဗုံးပေါက်ကွဲပြီး အနည်းဆုံး လူ ၄ ဦးသေဆုံးကာ ၁၀ ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့  မြို့ခံတွေထံက သိရပါတယ်။

မြို့ခံတစ်ဦးက " မနက် ၁၁ ခွဲလောက်က ထင်တယ်။ ခွဲခံရတဲ့နေရာက စစ်ကောင်စီမဏ္ဍပ်ပါ။ ပေါက်ကွဲသံ ၃ ခါဆက်တိုက် ကြားရတယ်။ ကျယ်လဲကျယ်တယ်။ အိမ်ပါတုန်တယ်။ လမ်းထဲကလူတွေပြောတာ ကားပေါ်တင်ခွဲခံရတယ်ပြောတယ်။ ကျနော်တို့က အဲနား မသွားဘူးလေ။ ဒီနှစ်သင်္ကြန်က  ပျော်စရာမှမဟုတ်တာ။ ပေါက်ကွဲပြီးမကြာဘူး ဆေးရုံကားတွေ ရောက်လာတာ ပဲ လေး၊ ငါး စီးလောက်ရှိမယ်" လို့ ပြောပါတယ်။

အဆိုပါပေါက်ကွဲတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့နဲ့ လက်အောက်ခံရဲတပ်ဖွဲ့တွေလာရောက် စစ်ဆေးနေကြပြီး သေဆုံးသူတွေက စစ်ကောင်စီဝန်ထမ်းလား၊ အရပ်သားလားဆိုတာကိုတော့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဗုံးကွဲမှုနဲ့ပတ်သက်ပြီး မြို့ခံပရဟိတအသင်းကို ဆက်သွယ်မေးမြန်းရာမှာ "သေတာက ကားပေါ်က ၂ ဦးနဲ့ ဆိုင်ကယ်နဲ့လမ်းသွားလမ်းလာ ၄ ဦး။ ဒဏ်ရာရတာတွေက ဆိုင်ကယ်နဲ့ လမ်းလာတွေပါ။ ဒဏ်ရာရထဲက ၂ ဦးကတော့ ပြင်းထန်ဒဏ်ရာရထားတယ်။ အခုပြောနေတာတော့ ကားပေါ်က သေဆုံး ၂ ဦးနဲ့ ကားကိုတော့ ဗုံးသယ်လာတာလို့ ပြောတယ်။ အတည်တော့မပြုနိုင်ပါဘူး"လို့ အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ နီးစပ်ရာတွေကို သူတို့ရဲ့ မဏ္ဍပ်မှာ လာရောက်ဆော့ကစားဖို့ ဖိအားပေးထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း  သင်္ကြန်ပွဲတော်တွေကြောင့် မစ်ရှင်တွေကို ဖျက်သိမ်းသွားမှာမဟုတ်ဘဲ စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေကို ရှောင်ကြဥ်ကြဖို့ ပြည်သူတွေကို မေတ္တာရပ်ခံထားပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်သူတွေ လုပ်ဆောင်တယ် ထိခိုက်ဒဏ်ရာရသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာတော့ လတ်တလော အတည်မပြုနိုင်သေးပါဘူး။

လားရှိုးမြို့ဟာ စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာမြို့ဖြစ်ပြီး အာဏာသိမ်းပြီးကတည်းက မြို့ဝင် မြို့ထွက်တွေအပြင် မြို့တွင်းလုံခြုံရေးကိုလည်း အထူးတင်းကျပ်ထားတဲ့ မြို့ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024