မကွေးတိုင်း အထက်မင်းလှမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့အမှတ် (၁၀) ကပစ စက်ရုံ ဧပြီ ၇ ရက်နေ့ ညမှာ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရပြီး လက်နက်သိုလ်လှောင်ရုံလို့ ယူဆရတဲ့ အဆောက်ဦတခု မီးလောင်ပျက်စီးကာ သေဆုံး ဒဏ်ရာရသူ ရှိနိုင်တယ်လို့ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ SMPDF ကနေ သိရပါတယ်။
အမှတ် (၁၀) ကပစ စက်ရုံကို ဧပြီ ၇ ရက်နေ့ ည ၈ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ရှော့တိုက် ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ SMPDF ရဲ့တာဝန်ခံ နဂါးနီက ပြောပါတယ်။
အဲဒီစစ်ဆင်ရေးကို Mission107 -Minhla လို့ အမည်ပေးထားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အရေအတွက်နဲ့ အဆောက်အဦ မီးလောင်ပျက်စီးတဲ့ အခြေနေ အတိကျကိုတော့ ဆက်လက်စုံစမ်းပြီး သတင်းထုတ်ပြန် ပေးသွားမယ်လို့ နဂါးနီက ပြောပါတယ်။
အဲဒီစက်ရုံဟာ တာဝေးပစ်ဒုံး၊ တင့်ကားသုံး အမြှောက်ဗုံးသီး၊လေယာဥ်ပစ်ဒုံးတွေ အဓိက ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး စစ်တပ်ချေမှုန်းရေးအတွက် High Value Target ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို SMPDF၊ PRA(မကွေး)၊ အထက်မင်းလှ ပကဖ၊ အရှိုချင်းကာကွယ်ရေးတပ်နဲ့ Key of Revolution တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ်မှာ ဧပြီ ၇ ရက် မနက်ကလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးကာ ၃ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။
မြိုင်မြို့နယ် သရက်ကန်ပျူစခန်းက အင်အား ၃၀ လောက်နဲ့ လှည့်ကင်း ထွက်လာတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေကို ဧပြီ ၇ ရက်နေ့ မနက် ၉ နာရီလောက်က မိုင်းခွဲ တိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
“သူတို့က ကင်းပတ်ရင်းနဲ့ နွားစာပြောင်းရိုးကို လာသယ်တာဗျ။ ကျနော်တို့ဘက်က မိုင်းထောင် ထားတာ။ အဲဒီမိုင်းကို ဖြုတ်လိုက်တဲ့ စစ်ကောင်စီရဲ့ တပ်ကြပ်တယောက်ကတော့ လက်ထဲမှာ မိုင်းပေါက်ကွဲပြီး ပွဲချင်းပြီး သေဆုံးကာ ၃ ယောက်ကတော့ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တယ်။”
အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ဖွဲ့ခွဲတွေ ဖြစ်တဲ့ TYK တပ်ဖွဲ့၊မုန်တိုင်းတပ်ဖွဲ့နဲ့ ပြည်သူ့အားမာန်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
မြိုင်မြို့နယ်မှာ ဧပြီ ၆ ရက်မနက်ကလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ မိုင်းတွေ၊ Drop ဗုံးတွေနဲ့ တိုက်ခိုက်ခံရပြီး ၈ ယောက်ထက်မနည်း ဒဏ်ရာရရှိပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ပကဖ ရဲဘော်တယောက် ပျောက်ဆုံ်နေတယ်လို့ မြိုင် ပကဖကနေ သိရပါတယ်။