ပဲခူးမြို့မှာ လာမယ့် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲတော်အတွက် ဗဟိုမဏ္ဍပ် ဆောက်နေတဲ့ ပြည်တော်သာလမ်းထိပ်ရှိ ပဲခူးတိုင်း အစိုးရအဖွဲ့ရုံးရှေ့မှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပြီး လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို စစ်ဆေးနေပါတယ်။
မဏ္ဍပ်ဆောက်လုပ်ရေးနားမှာ ခွင့်ပြုချက်မရဘဲ ဓာတ်ပုံလာရိုက်တဲ့သူတွေကိုလည်း ပစ်ခတ် ဖမ်းဆီးမယ်လို့ အစောင့်စစ်သားတွေက ပြောထားကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
အဲဒီနေရာမှာ စစ်သားနဲ့ရဲ အင်အား ၁၅ ယောက် လောက်က နေ့ရောညပါ အလှည့်ကျကင်းစောင့်နေပြီး အလုပ်သမားတွေကိုလည်း သင်္ကြန်ရက်အမီ မဏ္ဍပ်အမြန်ဆုံး ပြီးစီးဖို့ အခုလို အပူချိန်မြင့်မားတဲ့အချိန်မှာ ထမင်းချိန်တချိန်သာ အနားပေးပြီး ညနေ ၆ နာရီလောက်ထိ အလုပ်လုပ်နေရတယ်လို့ အဆိုပါ ဒေသခံက ပြောပါတယ်။
အဆိုပါမဏ္ဍပ်ကို စစ်ကောင်စီနဲ့ပတ်သက်တဲ့ ပဲခူးမြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်တွေ စုပေါင်းပြီး ဆောက်လုပ်နေတာဖြစ်သလို ပြီးခဲ့တဲ့ မတ် ၁၉ ရက်ကတည်းက စစ်ကောင်စီ ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေက ဗဟိုမဏ္ဍပ် တည်ဆောက်ရေးအတွက်ဆိုပြီး ရပ်ကွက်တွေထဲမှာ တအိမ်ကို ကျပ် ၁၀၀၀ လိုက်လံကောက်ခံသွားတယ်လို့ ကျောက်ကြီးစုရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။
ပဲခူးမြို့က ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ဘေးရှောင်တွေကို စာနာသောအားဖြင့် စစ်ကောင်စီကကျင်းပမယ့် ဟန်ပြသင်္ကြန်မှာ မပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။