မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဧပြီ ၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သား ၃ ယောက်နဲ့ ရဲ ၄ ယောက် လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြတယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။
ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က စစ်ကောင်စီတပ်သား ၃ ယောက်နဲ့ မကွေးတိုင်းရဲတပ်ဖွဲ့က ရဲ ၄ ယောက် စစ်အာဏာရှင်လက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့လို့ ဧပြီ ၃ ရက် မနက် ၉ နာရီ ၄၀ မိနစ်မှာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြတယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေမှာ MA3 သေနတ် ၃ လက်၊ G3 သေနတ် ၂ လက်၊ G4 သေနတ် ၂ လက်၊ ကျည်ဘောက်တွေ၊ ကျည်ဆန် ၄၁၁ တောင့်နဲ့အတူ မြိုင်ပကဖကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ခိုဝင်လာကြတာလို့ ဆိုပါတယ်။
အဲဒီပြည်သူ့စစ်သားတွေနဲ့ ရဲတွေကို လက်နက်ခဲယမ်း အပြည့်အစုံ ယူဆောင်လာတာကြောင့် တယောက်ကို ငွေကျပ် ၁၀၆ သိန်း၊ စုစုပေါင်း ၇၄၂ သိန်းကျပ် ချီးမြှင့်ခဲ့တယ်လို့ ပြောပါတယ်။
နောက်နောင်မှာလည်း စစ်အာဏာရှင်လက်အောက်ကနေ ရုန်းထွက်ပြီး လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာမယ့် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထိုက်သင့်တဲ့ ဂုဏ်ပြုဆုငွေ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးမယ်လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေတာပါ။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်း နှိုးဆော်ထားပါတယ်။
ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။