Home
မြန်မာသတင်း
ထားဝယ်အရှေ့တောဒေသ လမ်းပိုင်းအသုံးပြုသူများအတွက် သတိပေးချက် ထုတ်ပြန်
DVB
·
March 30, 2023
Dawei PDF

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်အရှေ့တောဒေသ လမ်းပိုင်းတွေဖြစ်တဲ့ ထားဝယ်-ထီးခီးလမ်းပိုင်း၊ ပကာရီ-ရေဝိုင်းလမ်းပိုင်းနဲ့ မောင်မယ်ရှောင်-ရေဝိုင်းလမ်းပိုင်းတွေကို အသုံးပြုပြီး သွားလာနေသူတွေ စစ်ကောင်စီတပ်နဲ့ဆက်နွှယ်တဲ့ပစ္စည်းတွေမတင်ဖို့အပါအဝင် လိုက်နာဖို့ အချက် ၅ ချက်ကို မတ်လ ၂၉ ရက်နေ့မှာ ထားဝယ်မြို့နယ်၊ ဥသြစစ်ကြောင်းက ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာ လမ်းပိုင်းကို မနက် ၆ နာရီ ည ၆ နာရီအတွင်းသာ အသုံးပြုပြီး ကားမှန်ချမောင်းနှင်ဖို့နဲ့ အမိုးအကာဖုံးအုပ်ပြီး မသွားလာဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးတာကိုလည်း ပူးပေါင်းပါဝင်ပေးဖို့နဲ့ စစ်တပ်နဲ့ အကျိုးစီးပွားဆက်စပ်တဲ့ ပစ္စည်းတွေကို သယ်ဆောင်ခြင်းမပြုဖို့လည်း တားမြစ်ထားပါတယ်။

မတ်လ ၂၄ ရက်ကလည်း ဥသြစစ်ကြောင်းက ရဲဘော်တွေ ထားဝယ်အရှေ့တောလမ်းပိုင်းမှာ စစ်တပ်နဲ့ အကျိုးစီးပွားဆက်စပ်တဲ့ ပစ္စည်းတွေကို ရောင်းဝယ်အသုံးချခြင်းမပြုကြဖို့ အသိပညာပေး လက်ကမ်းစာစောင်ဝေပြီး အသိပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ထားဝယ်-ထီးခီး လမ်းပိုင်းမှာ ဖေဖော်ဝါရီလလယ်ပိုင်းက စစ်ကောင်စီနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး လမ်းပိုင်းအသုံးပြုမှုကို ကော်သူးလေအာမီနဲ့ စစ်ကောင်စီက ရက်အကန့်သတ်မရှိ ပိတ်ခဲ့တယ်လို့ ကြေညာခဲ့ပြီးနောက် တိုက်ပွဲတွေမရှိတော့တဲ့ မတ်လဆန်းမှာတော့ မော်တော်ယာဉ်တွေ ပြန်လည်သွားလာနေတယ်လို့ လမ်းပိုင်းအသုံးပြုသူတွေက ပြောပါတယ်။

အခု သတိပေးထုတ်ပြန်ချက်မှာ ပါဝင်တဲ့ လမ်းပိုင်း ၂ ခုနဲ့ ဆက်စပ်နေတဲ့ ရေဝိုင်းရွာ အဝင်လမ်းထိပ်မှာ တပ်စွဲထားတဲ့ ဘုရားမဲစစ်ကောင်စီဂိတ်ကို ဥသြစစ်ကြောင်းနဲ့ မဟာမိတ်အဖွဲ့တွေက မတ်လ ၂၀ ရက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

လမ်းပိုင်းအသုံးပြုသူတွေအနေနဲ့ သတိပေးချက်တွေကို မတ်လ ၂၉ ရက်ကစပြီး နောက်ထပ် ထုတ်ပြန်ချက် တစုံတရာ မထုတ်ပြန်မချင်း လိုက်နာပူးပေါင်းပေးကြဖို့ ဥသြစစ်ကြောင်းက အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024