ကရင်ပြည်နယ်၊ မြဝတီမြို့က သင်္ဃန်းညီနောင်ရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၄ က ထုတ်လွှင့်ထားပါတယ်။
ကေအန်ယူ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်နဲ့ သင်္ဃန်းညီနောင်ရဲစခန်းတို့ကို မတ် ၂၅ ရက် မနက် ၅ နာရီခွဲလောက်မှာ KNLA တပ်ဖွဲ့၊ Cobra စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနဲ့ ဒရုန်းအဖွဲ့တွေဖြစ်တဲ့ Federal Wings၊ Golden Eagle၊ ရောင်နီတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဆိုပါ တိုက်ပွဲအတွင်းမှာတော့ ရဲတပ်ဖွဲ့ဝင် ၁၁ ယောက်သေဆုံးကာ ၈ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်တွေလည်း အများအပြား သိမ်းဆည်းရရှိခဲ့သလို တိုက်ခိုက်မှုထဲမှာ ကုန်ပစ္စည်းတွေကို စစ်ဆေးတဲ့ X-ray စက် အပါအဝင် အကောက်ခွန်ရုံးနဲ့ စီးပွားကူးသန်းရုံးတို့ မီးလောင်ပျက်စီးခဲ့ပါတယ်။
လတ်တလောမှာတော့ မတ် ၂၅ ရက်ကနေ ၂၈ ရက်အထိ တိုက်ပွဲဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ဆက်လက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။
မြဝတီ၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ မတ်လအတွင်း စစ်ကောင်စီတပ်နဲ့ KNU/KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူ့နေအိမ်တွေ ပျက်စီးတာတွေ ရှိနေပါတယ်။
စစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကရင်ပြည်နယ်က မြဝတီကုန်သွယ်ရေးဇုန်ကို တိုက်ခိုက်တာဟာ မိုက်မဲတဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်မှာ ပြောထားပါတယ်။