ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားတွေဖြစ်ကြတဲ့ ကိုမျိုးမင်းဦးနဲ့ ကိုအောင်ဝေယံထွန်းတို့ကို ထားဝယ်ခရိုင်တရားရုံးကနေ မတ်လ ၂၈ ရက် ရုံးချိန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အသက် ၂၃ နှစ်ဝန်းကျင်ရှိကြတဲ့ ကျောင်းသား နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းက ထားဝယ်မြို့မှာ ဖမ်းဆီးခံရတာဖြစ်ပြီး ၂၃ ကြိမ်မြောက် ရုံးချိန်းမှာ အခုလို အမိန့်ချမှတ်ခံရတာဖြစ်ပါတယ်။
ကိုမျိုးမင်းဦးရဲ့ မိသားစုဝင်တဦးက “အကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့လို့ဆိုပြီး အခုလို အမိန့်ချလိုက်တာ၊ ထပ်ရင်ဆိုင်ရမယ့်အမှုတော့ မရှိတော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပုဒ်မ ၅၀(ည) ဟာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတခုခုကို ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းများပြုလုပ်ပါက တရားစွဲဆိုခံရမယ့် ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ်တသက်အထိ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။
ထားဝယ်နည်းပညာတက္ကသိုလ် စတုတ္ထနှစ် ကျောင်းသားတဦးဖြစ်သူ ထားဝယ်ခရိုင်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမျိုးမင်းဦးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေလအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပထမအကြိမ် ဖမ်းဆီးခံခဲ့ရပြီး ခြောက်လလောက်အကြာ အောက်တိုဘာ ၂၀ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။
ထားဝယ်နည်းပညာကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌဟောင်း ကိုအောင်ဝေယံထွန်းကိုတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးစရာရှိလို့ဆိုကာ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက် နေအိမ်မှာရှိနေစဥ် လာရောက်ဖမ်းဆီးခဲ့တာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရတဲ့ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူ စုစုပေါင်း အယောက် ၂၀ ရှိပြီး အဲဒီထဲက ၆ ယောက်ကတော့ ပြန်လွတ်လာပြီလို့ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတဦးက ပြောပါတယ်။
လက်ရှိ ထားဝယ်အကျဥ်းထောင်မှာ အမှုရင်ဆိုင်နေရဆဲနဲ့ အမိန့်ချမှတ်ခံထားရပြီးဖြစ်တဲ့ နိုင်ငံရေးအကျဥ်းသား ၂၉၀ ဝန်းကျင်နဲ့ နိုင်ငံရေးအကျဥ်းသူ ၆၀ လောက် ရှိတယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) ကနေ သိရပါတယ်။